အရင်းနှီးဆုံးလူနှစ်ယောက်ရဲ့
အနွေးထွေးဆုံးတွေ့ဆုံခြင်းတဲ့လား
တိတ်ဆိတ်မှုတွေနဲ့ခမ်းနားလွန်းလို့
မတူညီရင်
ပေါင်းစပ်လို့ ရ မရတော့ငါမသိဘူး
တူညီတဲ့သံလိုက်ဝင်ရိုးစွန်းနှစ်ခုက
တွန်းကန်တယ်ဆိုတာကတော့ သေချာတယ်
ငါတို့နှစ်ယောက်ကသံလိုက်တုံးတွေလား
တူလွန်းအားကြီးလို့ခက်နေရတာ
ခွင့်မလွှတ်တတ်တဲ့ရပ်ဝန်းမှာ
တောင်းပန်ခြင်းတွေကမလတ်ဆတ်ခဲ့ဘူး
မပြိုင်သင့်တဲ့မာနတွေက
ငါတို့ဘဝကိုခါးစေလိမ့်မယ်ဆိုတာလောက်တော့
တွေးမိပါရဲ့
မိဖုရားကိုပဲလိုချင်ခဲ့တဲ့ငါ နဲ့
ဘုရင်မပဲဖြစ်ချင်ခဲ့တဲ့နင်
ဘယ်အချိန်မှအဆင်ပြေနိုင်မလဲ
နေဝင်ချိန်တောင်နီးနေပြီ
အချိန်တန်ရင်မိုးလင်းမှာသိနေမှတော့
အိပ်ပျော်ဖို့မကြိုးစားချင်တော့ပါဘူး
ညကိုပဲချော့သိပ်လိုက်ပါတော့မယ်။
ကိုမိုးစက်
No comments:
Post a Comment