ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Thursday, October 23, 2014

နှင်းဆီဖြူတစ်ပွင့်ရဲ့အဆိပ်သင့်ဒဏ္ဍာရီ




ကြာခဲ့ပြီဆိုပေမယ့် မေ့လို့မရသေးဘူး။
ဝေးခဲ့ပြီဆိုပေမယ့် လွမ်းလို့ကောင်းနေတုန်းပဲ။
နွေတစ်ဆယ် မိုးတစ်ဆယ် ဆောင်းတစ်ဆယ်လွမ်းခဲ့တာတောင် ငါ့အလွမ်းတွေက ကုန်ဆုံးခြင်းမရှိနိုင်သေးပါဘူး။
နာရီလက်တံတွေရဲ့သယ်ဆောင်မှုအောက်မှာ အရာရာဟာပြောင်းလဲသွားနိုင်သွားနိုင်ပေမယ့်
အဲဒီအထဲက မပြောင်းလဲနိုင်သေးတဲ့အရာလေးတစ်ခုကို လုံခြုံစွာသိမ်းဆည်းပြီး
ငါ့ရဲ့အနာဂတ်နေ့တွေအထိ ဆက်လက်သယ်ဆောင်ခွင့်ပြုပါ နှင်းဆီဖြူ………..

တယောတစ်လက်ရဲ့ဂီတ

ငါဟာ….
ဘိုးတံတစ်ချောင်းဖြစ်တယ်
အဲဒီဘိုးတံမှာချစ်ခြင်းတွေခြယ်သပြီး
တယောရဲ့ကြိုးပေါ်ကိုပွတ်တိုက်ချင်တယ်
မင်းဟာ…တယောတစ်လက်ဆိုပါတော့။

ငါဟာ…..
တယောတစ်လက်ဖြစ်တယ်
အဲဒီတယောအိမ်ထဲမှာသိုမှီးထားတဲ့
အသိမ်းဆည်းခံချစ်ခြင်းတွေကိုပေးချင်တယ်
မင်းဟာ…ဘိုးတံတစ်ချောင်းဆိုပါတော့။

နွေးထွေးလတ်ဆတ်တဲ့ငါ့ချစ်ခြင်းတွေဟာ
တယောအိမ်ပေါ်မှာတည်တယ်
ဘိုးတံပေါ်မှာလဲမှီတယ်
ဘိုးတံနဲ့တယောအိမ်ပေါင်းစည်းမှ
တယောတစ်လက်ဖြစ်မယ်။

တကယ်တော့
ချစ်ခြင်းဖွဲ့ဆင်ဖိုနီကိုညည်းဆိုရင်း
ငါတို့တတွေ
ချစ်သူတွေမဟုတ်ပါဘဲ
ချစ်သူတွေထက်တောင်ရင်းနှီးခဲ့ရတယ်။

ချစ်သူရေ…..
ချစ်ခြင်းရနံ့နဲ့ဂီတကို
ငါတို့ခံစားကြည့်ရအောင်
ငါတို့ဟာတယောတစ်လက်ဆိုပါတော့……..။

(၉၈ အချစ်ကဗျာ အချစ်ကဗျာ၉၈ - ကဗျာစာအုပ်မှ ကိုယ်ထိုက် ၏ တယောတစ်လက်ရဲ့ဂီတ  ကဗျာဖြစ်ပါသည်)



မိုးစက်ဖွဲဖွဲကလေးတွေကြွေဆင်းတဲ့ ဂျူလိုင်ရဲ့တစ်ခုသောမနက်ခင်းမှာပေါ့…..
ငါ့ရင်ဘတ်မှာ မထင်မှတ်ပဲ နှင်းဆီဖြူတစ်ပွင့် ပွင့်ခဲ့တယ်
တယောသံကိုနှစ်သက်တတ်တဲ့ငါနဲ့  တယောကောင်းကောင်းထိုးတတ်တဲ့နင်ရဲ့ကြားမှာ
“တယောတစ်လက်ရဲ့ဂီတ”  ဆိုတာလေးကို ငါခံစားလို့ရသလောက်ရေးဖြစ်ခဲ့တယ်။
ဝါသနာ ၊ မျှော်လင့်ချက် ၊ အတွေးအခေါ် အားလုံးနီးပါးတူညီခဲ့တဲ့ငါတို့ဟာ တဖြည်းဖြည်းနဲ့ တယောတစ်လက်လို
ဖြစ်သွားခဲ့ကြတယ်။  အာဒမ် နဲ့ ဧဝ ရဲ့ကြားက တားမြစ်ထားတဲ့သစ်သီးတစ်လုံးရဲ့အကြောင်းကို
ငါတို့ စွန့်စွန့်စားစားသိချင်ခဲ့ကြတယ်။
နောက်ဆုံးတော့ ဘယ်လိုမှဘာသာပြန်ဖို့မပြည့်စုံနိုင်တာကပဲ အဲဒီသစ်သီးရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ပဲဖြစ်လိမ့်မယ်လို့
ယုံကြည်ခဲ့ကြတယ်။
ကျေးဇူးတင်ပါတယ် နှင်းဆီဖြူ…
ငါ သိရုံသာသိခဲ့ပြီး သင်ကြားခွင့်မရခဲ့တဲ့ဘာသာရပ်တစ်ခုကို မင်းနဲ့ဆွေးနွေးခွင့်ရခဲ့ခြင်းအတွက်ပေါ့။
အဲဒီလိုနဲ့ပဲ ငါတို့ဟာ တကယ်ပဲတယောတစ်လက်ဖြစ်ခဲ့ကြတယ်။


အဲဒီတုန်းကပေါ့
ချစ်ခြင်းရဲ့ကြီးကျယ်မြင့်မြတ်မှုတွေနဲ့ ငါတို့ရဲ့ဘဝကိုတည်ဆောက်ဖို့ ရူးသွပ်စွာကြိုးစားမိခဲ့ကြတဲ့
အဲဒီကာလတစ်ခုတုန်းကပေါ့…..
အပြန်အလှန်နားလည်မှုတွေနဲ့ ယုံကြည်လေးစားမှုမှာအခြေခံတဲ့ချစ်ခြင်းတရားတစ်ခုထဲမှာ
ငါတို့ရဲ့နှလုံးသွေးတွေ နီရဲခဲ့ကြတယ်။

လူငယ်တွေမှားတဲ့အခါ  လူကြီးတွေက အပြစ်ပေးကြတယ်….
အဲဒီလူကြီးတွေမှားတဲ့အခါ ဘယ်သူတွေကလာပြီးအပြစ်ပေးကြမလဲ
ချစ်ခြင်းကို ယုံကြည်စွာကိုးကွယ်တတ်ခဲ့တာ လူငယ်တွေရဲ့အမှားလို့ခေါင်းစဉ်တပ်ချင်ကြတဲ့
အဲဒီလူကြီးတွေကိုတစ်ခုမေးပါရစေ…
ချစ်ခြင်းရဲ့ကြီးကျယ်မြင့်မြတ်မှုတွေနဲ့အတူ လူငယ်ဘဝကိုဖြတ်သန်းခဲ့ကြဖူးတယ်ဆိုတဲ့အကြောင်း
လူကြီးတွေမေ့သွားခဲ့တာလား…?
ဒါမှမဟုတ် မေ့ထားခဲ့ကြတာလား…..?

နှင်းဆီဖြူရေ……
ငါအစွမ်းကုန်ကြိုးစားခဲ့ပေမယ့် နင့်မိဘတွေသတ်မှတ်ထားတဲ့ ဂရပ်ဖ်မျဉ်းတွေရဲ့အောက်ဆုံးမှာဘဲ
ငါ့ရဲ့နာမည်ကို ရေးထိုးခွင့်ရခဲ့တယ်။
ယုံကြည်ကိုးကွယ်ရာမတူညီခဲ့ကြတာကလဲ ငါတို့နှစ်ယောက်ရဲ့ကြားမှာ အကြီးမားဆုံးကမ်းပါးတစ်ခု
ဖြစ်နေပြန်ခဲ့တယ်။
အသွင်တူပေမယ့် အသွေးမတူခဲ့တဲ့ငါတို့နှစ်ယောက်ဟာ
အမြင်တူပေမယ့် သဘာဝခြားတဲ့ကမ်းပါးနှစ်ခုမှာပဲ သီးခြားစွာရပ်တည်ခဲ့ကြရတယ်။

ငါတို့ရဲ့မျှော်လင့်ချက်တွေကို  ငါတို့ကိုယ်တိုင်အကောင်အထည်ဖော်ခွင့်မရတော့တဲ့အခါ…..
ငါတို့ရဲ့အိပ်မက်တွေကို  ငါတို့ကိုယ်တိုင်မက်ခွင့်မရတော့တဲ့အခါ…..
ငါတို့ရဲ့ညတွေကို  ငါတို့ကိုယ်တိုင်နိုးထခွင့်မရတော့တဲ့အခါ…..
ငါတို့ရဲ့မနက်ဖြန်တွေကို  ငါတို့ကိုယ်တိုင်ဖြတ်သန်းခွင့်မရတော့တဲ့အခါ…..
ငါတို့ရဲ့ဘဝတွေကို ငါတို့ကိုယ်တိုင်ပဲအကျဉ်းချခဲ့ကြရတယ်မဟုတ်လားနှင်းဆီဖြူ



အဲဒီနောက်တော့ နှင်းဆီဖြူဆိုတဲ့ကောင်မလေးဟာ ငါ့အတွက်တော့ ညပေါင်းများစွာမက်ခွင့်မရတော့တဲ့
အိပ်မက်လေးတစ်ခုပဲဖြစ်နေပြန်ပါတော့တယ်……။

လပေါင်းများစွာပျောက်ဆုံးခဲ့ရတဲ့ နှင်းဆီဖြူတစ်ပွင့်နဲ့တွေ့ဆုံခွင့်ဆိုတာ
အဲဒီလူကြီးတွေကိုယ်တိုင်ပဲ ငါ့အတွက်ဖန်တီးပေးခဲ့ကြတယ်။
ဒါပေမယ့်….လုံးဝမဟုတ်ဘူးနှင်းဆီဖြူ
ဒါဟာ အမှန်တရားတစ်ခုဖြစ်တယ်လို့ ငါ…လုံးဝမယုံကြည်နိုင်ခဲ့ဘူး။
ငါမျှော်လင့်ခဲ့တာ အခုလိုအဆိပ်သင့်သွားတဲ့ နှင်းဆီဖြူတစ်ပွင့်ရဲ့နိဂုံးမဟုတ်ဘူး။
ဘယ်လိုနတ်ဆိုးတွေကများ ငါတို့နှစ်ယောက်ရဲ့အနာဂတ်ကို အနက်ရောင်နဲ့ကြက်ခြေခတ်ခဲ့ကြတာလဲ
ငါချစ်တဲ့နှင်းဆီဖြူတစ်ပွင့်ကို အဆိပ်သင့်အောင်လုပ်ခဲ့ကြတာဘယ်သူတွေလဲ….

မတူညီတဲ့ဘဝနှစ်ခုကို ပေါင်းစပ်ဖို့ကြိုးစားခဲ့ကြတဲ့ ငါတို့ကိုယ်တိုင်ပဲလား
ဆင်စီးပြီး မြင်းရံစေချင်တဲ့စေတနာနဲ့ အတ္တကိုရှေ့တန်းတင်တတ်လွန်းကြတဲ့ လူကြီးတွေပဲလား
ငါတို့မမြင်နိုင်မသိနိုင်တဲ့ ငါတို့ရဲ့ကံကြမ္မာ  ကြောင့်ပဲလား
ဒါဟာ  ဘုရားသခင်ရဲ့အလိုတော်အတိုင်းတဲ့လား

မင်းသိပ်ချစ်တဲ့ငါ့ကိုတောင်မစောင့်နိုင်ပဲ ဘယ်တော့မှပြန်လာခွင့်မရှိတော့တဲ့ခရီးရှည်ကြီးတစ်ခုကို
ဘာဖြစ်လို့များ မင်းတစ်ယောက်ထဲထွက်သွားခဲ့ရတာလဲနှင်းဆီဖြူ
ငါ့မျက်ရည်တွေကို   နင်မမြင်နိုင်တော့ပါဘူး
ငါ့ရှိုက်သံတွေကို    နင်မကြားနိုင်တော့ပါဘူး
ဒါပေမယ့် နှလုံးသွေးနဲ့ရေးခဲ့တဲ့ ငါ့ရဲ့ ရင်ကွဲကြေးနန်းတစ်စောင်ကို မင်းဆီရောက်အောင်ပို့ပေးလိုက်ချင်တယ်။

“နင် ပိုင်ဆိုင်ရာဘဝလေးတစ်ခုမှာ ထာဝရငြိမ်းချမ်းပါစေနှင်းဆီဖြူ”

ဆယ်နှစ်ပြည့်သွားခဲ့ပေမယ့်
အခမ်းနားဆုံးကြေကွဲမှုတွေနဲ့အတူ
ငါမင်းကိုလွမ်းနေတုန်းပဲ နှင်းဆီဖြူ

ကိုမိုးစက်
September , 9 , 2014     11:39:42

PS  (ပုံပြင်မဟုတ်တဲ့မိုး)
(အငြိုးတကြီးနဲ့
မိုးကသည်းထန်စွာရွာသွန်းလို့
ဂျူလိုင်လကိုးရက်
အဲဒီမိုးစက်တွေရဲ့အောက်
ငါတို့နှစ်ယောက်ဆုံစည်းခဲ့
မမေ့နိုင်တဲ့အဖြစ်အပျက်ပါ။
တဖွဲဖွဲကြွေတဲ့
မိုးစက်တွေရဲ့အောက်မှာဘဲ
ချစ်သူငါ့ကိုလမ်းခွဲခဲ့ပြန်တယ်။
နှလုံးသားကိုအေးသွားတဲ့မိုး
အရှုံးများကိုပေးသွားတဲ့မိုး
ရင်ခွဲတဲ့မိုး
အစဉ်မစဲတဲ  မိုး…..ရေ
လောကရဲ့ရာသီသုံးမျိုးမှာ
မိုးဆိုတာကွယ်ပျောက်တဲ့အထိ
ငါမိုးကိုချစ်မိနေလိမ့်မယ်။
မျက်ဝန်းမှာသွန်းဖြိုးတဲ့
မုတ်သုန်မိုးနွေးနွေးရယ်…….
မြတ်နိုးစွာထွေးပွေ့ခဲ့ဖူးတဲ့
အကြင်နာရဲ့လက်တစ်စုံရယ်…..
ငါတို့နှစ်ယောက်နှစ်သက်ခဲ့တဲ့
ကော်ဖီခါးခါးတစ်ခွက်ရယ်…..
ဂျူလိုင်ရဲ့မိုးသည်းထဲ
အရင်အတိုင်းရှိနေဆဲပါ။

အရှေ့လေကြမ်းကြမ်းနဲ့အတူ
နင့်ကိုလွမ်းနေတဲ့လူတစ်ယောက်အတွက်
တချက်လောက်သတိရပေးပါ။

မလွန်ဆန်နိုင်စွာလက်ခံခဲ့ရတဲ့
ဘုရားသခင်ရဲ့စီရင်ချက်အောက်
ရိုးသားစွာပျောက်ဆုံးခဲ့ရတဲ့
နှလုံးသားတစ်စုံရဲ့ ဆုံစည်းခွင့်အတွက်
ငါ မနက်တိုင်းနင့်ကိုစောင့်နေတယ်
နင်ကြိုက်တဲ့နှင်းဆီဖြူတွေနဲ့အတူ
နင်ထားရစ်တဲ့အုတ်ဂူလေးမှာပေါ့။
မိုးစက်ကြွေတွေရဲ့ရာသီမလွန်မီအထိ
နင်ပြန်လာမယ်ယုံကြည်မိတာ
ဆယ်နှစ်ပြည့်သွားခဲ့ပါပြီမိုး…….)











               



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...