ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Wednesday, July 30, 2014

အဖြူရောင်ဝန်ခံချက်

 
 
(၁)
အမှန်တရားတစ်ခုရဲ့နိဒါန်းလို့ခေါင်းစဉ်တပ်ချင်ပါသည်။
ဘာ အမှန်တရားလဲ….လို့ မေးလာခဲ့ရင်
သမုတိသစ္စာနယ်ထဲမှာအကျုံးဝင်သည့်  နှလုံးသားတစ်ခု၏ဆန္ဒ…..
ထိုနှလုံးသား၌ ဖြစ်တည်ဖွဲ့အိမ်အပ်သော…..
တစုံတရာသောအကြောင်းတရားတို့ကြောင့် ပြောင်းလဲသွားခြင်းမရှိနိုင်သော…..
အချိန်ကာလ ၊ နေရာဒေသတို့၏ ပြောင်းလဲမှုတို့မှ သီးခြားစွာရပ်တည်သော
စစ်မှန်လေးနက်သော ချစ်ခြင်း
ထိုချစ်ခြင်းဖြင့် ထုံမွမ်းအပ်သော ဘဝ
ထိုဘဝကို စေ့စပ်သေချာစွာလေ့လာသုံးသပ်၍ အဖြေထုတ်အပ်သော အမှန်တရားဟုရိုးသားစွာဖြေဆိုရပါလိမ့်မည်။
(၂)
စကားလုံးတွေနဲ့ပြောပြလို့မရနိုင်လောက်အောင် နူးညံ့သိမ်မွေ့တဲ့……….
ငါ့ဘဝမှာ ငါကိုယ်တိုင်တောင် တစ်ခါမှမတွေးခဲ့ဘူးတဲ့ချစ်ခြင်းတရားတစ်ခုထဲမှာငါ့ကို ကျရှုံးစေခဲ့တဲ့……….
ငါ့ဘဝရဲ့အင်အားအကြီးဆုံးမိန်းကလေးတစ်ယောက်အဖြစ် ငါကိုယ်တိုင်မယုံကြည်နိုင်စွာလက်ခံလိုက်ရတဲ့……….
ငါ့ရဲ့နတ်သမီးအဖြစ် ငါကိုယ်တိုင်ကြည်ဖြူစွာ အသိအမှတ်ပြုခဲ့ရတဲ့………..
မင်းနဲ့တွေ့ခဲ့ပြီးနောက်ပိုင်းမှာပြောင်းလဲခဲ့ရတဲ့
ငါ့ဘဝရဲ့အမှန်တရားဖြစ်စဉ်တွေထဲက တစိတ်တပိုင်းပဲဖြစ်ပါတယ်။
 
အခုအဖြစ်အပျက်ကိုစွဲလမ်းခြင်းဟုအမည်တပ်လျှင် မှန်တော့မှန်ပါလိမ့်မည်။
ရာနှုန်းပြည့်တော့မဟုတ်နိုင်ပါ။
စွဲလမ်းခြင်းဟူသောဝေါဟာရကိုပိုလွန်ကာ ပုံတူကူးခံလိုက်ရသောမိတ္တူတစ်ခုလို ဘဝတစ်ခုလုံးသို့ပျံ့နှံ့ပျော်ဝင်ကာ 
ဗိုင်းရပ်(စ်)ကူးစက်ခြင်းခံလိုက်ရသောကွန်ပျူတာတစ်လုံးလို
မှားယွင်းလွဲချော်မှုပေါင်းများစွာနှင့်အတူအသက်ရှင်ခွင့်သည်သာ ကျွန်ုပ်၏ရပိုင်ခွင့်ဖြစ်လိမ့်မည်..ဟု
ကိုယ်တိုင် သေချာစွာ သိနှင့်နေခဲ့ပါသည်။
(၃)
 
ကြားခဲ့ဖူးတဲ့ ဂရိပုံပြင်လေးတစ်ပုဒ်ထဲကလိုပါပဲ
အခုငါ့ရဲ့ကိုယ်ပွားကို ငါတွေ့ခွင့်ရနေပါပြီ
အခုလိုအချိန်မျိုးရောက်မှ ဘဝရဲ့ပထမတန်ဖိုးအရှိဆုံးအရာကို ငါသိခွင့်ရလိုက်တဲ့အတွက်
မင်းကို ကျေးဇူးတင်တယ်
ပြီးတော့ ပျော်တယ်   ကျေနပ်တယ်။
မင်းနဲ့ပတ်သက်လာရင် စိတ်ညစ်စရာဆိုတာ  ငါ့အတွက်မရှိပါဘူး
ဘာတွေပဲဖြစ်နေနေ မင်းအကြောင်းတွေးလိုက်တာနဲ့  ငါပျော်တယ်  စိတ်ချမ်းသာတယ်။
ငါဖြတ်သန်းလာခဲ့တဲ့ ဘဝတလျှောက်လုံးမှာ  ငါ့အတွက် အင်အားအကြီးဆုံးမိန်းမနှစ်ယောက်ရှိတယ်
ပထမတစ်ယောက်က     အမေ
ဒုတိယတစ်ယောက်က    မင်းပါ။
အမေကတော့ မနှိုင်းယှဉ်အပ်ပါဘူး   ထားလိုက်ပါ။
မင်းက ဘာဖြစ်လို့များ ငါ့အတွက်အင်အားအကြီးဆုံးမိန်းမတစ်ယောက်ဖြစ်နေရတာလဲ။
ဘာဖြစ်လို့များ ငါဒီလောက်အထိ အရူးအမူးဖြစ်နေရတာလဲ။
ဘာဖြစ်လို့များ ဒီလောက်အထိ လေးနက်နေရတာလဲ။
ဘာဖြစ်လို့များ ဒီလောက်အထိ ပြင်းထန်နေရတာလဲ။
ဒါတွေဟာ စိတ်ထဲမှာခဏလောက်ဖြစ်သွားတဲ့လှုပ်ခတ်မှုတွေကိုကြည့်ပြီး ကောက်ချက်ချထားတာမဟုတ်တဲ့အကြောင်း  မင်းကို ငါ ပြောပြချင်တယ်။
အကြိမ်ပေါင်းများစွာပြန်လှန်စဉ်းစားပြီး  တိတိကျကျဝေဖန်သုံးသပ်ပြီးတော့မှ လက်ရှိဖြစ်နေတဲ့အခြေအနေကို အမှန်အတိုင်းဝန်ခံလိုက်ခြင်းရယ်ပါ။
“ငါ့ဘဝမှာ ငါ့ကိုယ်ငါအမှန်အတိုင်းမြင်လိုက်ရတာ ဒီတစ်ခါပဲရှိပါသေးတယ်”
မင်းမသိနိုင်ပေမယ့် မနက်မိုးလင်းလို့အလုပ်ဝင်ချိန် မင်းမျက်နှာလေးခဏလောက်မြင်လိုက်ရရင်
ငါ့အတွက် တစ်နေ့စာ လုံလောက်သွားပါပြီ နတ်သမီးရယ်……….
ငြီးငွေ့ခြင်းမရှိပဲနဲ့  မင်းကိုအမြဲတမ်းသတိရနေတတ်တာလဲ  ငါ့ကိုယ်ငါနားမလည်နိုင်အောင်ပါပဲ။
မင်းနဲ့ငါနဲ့ကြားမှာ  သံယောဇဉ်ဖြစ်စရာ  အမှတ်တရဖြစ်စရာအခြေအနေမျိုး ဘာတစ်ခုမှမရှိခဲ့တာလဲ ကိုယ်တိုင်သိပါတယ်။ငါ့စိတ်ရဲ့အတွင်းပိုင်းမှာကို  နက်နက်ရှိုင်းရှိုင်းဖြစ်နေတာတွေပါ။
ငါ့လိုလူတစ်ယောက်အတွက်   အခုလိုအသက်အရွယ်မှာ   အခုလိုဖြစ်နေရတာ တကယ့်ကိုမယုံကြည်နိုင်စရာပါပဲ။
မင်းရဲ့လွတ်လပ်မှု မင်းရဲ့ပျော်ရွှင်မှုကိုမထိခိုက်စေဘဲနဲ့ ငါမင်းကိုအရုပ်ကလေးတစ်ရုပ်လိုအမြဲတမ်းကြည့်နေချင်တယ်။ပိုင်ဆိုင်ခြင်း မပိုင်ဆိုင်ခြင်းဆိုတဲ့ အပေါ်ယံဆန်မှုတွေကို ကျော်လွန်ပြီး ဖြူစင်လေးနက်မြင့်မြတ်တဲ့ ချစ်ခြင်းတရားတစ်ခုအပေါ်မှာအခြေခံတဲ့ နားလည်မှုနဲ့အတူ ငါ့ဘဝတစ်ခုလုံးမှာ  မင်းရှိနေတယ်။
 သေချာတာတစ်ခုကတော့   “မင်းကလွဲရင်  တစ်လောကလုံးကို ငါငြင်းပယ်ရဲတယ်”    ဆိုတာပါပဲ။
ငါ့အဖြစ်က မဝယ်နိုင်တဲ့အရုပ်ကလေးတစ်ရုပ်ကို ငေးမောကြည့်နေရတဲ့ ကလေးလေးတစ်ယောက်လိုပါပဲ။
သတိရတဲ့အချိန်တိုင်း  အဲဒီဆိုင်ရှေ့ကိုသွားပြီး  အဲဒီအရုပ်ကလေးကိုကြည့်ခွင့်ရှိနေသမျှ အဆင်ပြေနေပါသေးတယ်။
 
(အဲဒီအရုပ်ကလေးကို တစ်ယောက်ယောက်ကဝယ်သွားလို့ သတိရရင်တောင်မှ သွားကြည့်ခွင့်မရတဲ့အခြေအနေမျိုးကို
ရောက်သွားတဲ့အခါကျရင် အဲဒီကလေးအတွက် ဆုံးရှုံးမှုဘယ်လောက်များသွားနိုင်မလဲ။
ဒဏ်ရာတွေ ဘယ်လောက်ရသွားနိုင်မလဲ။)
 အဲဒီလို ရင်မဆိုင်ရဲတဲ့အခြေအနေတစ်ခုနဲ့သတ်မှတ်ထားတဲ့ တနေ့နေ့တချိန်ချိန်ကိုရောက်လာခဲ့ရင်
ဘယ်လိုအင်အားတွေနဲ့ ခံနိုင်ရည်ရှိအောင်ကြိုးစားရမလဲ။
အကြိမ်ပေါင်းများစွာ……….
အချိန်ပေါင်းများစွာ……….
စဉ်းစားတိုင်း   အဖြေက ရှာမတွေ့နိုင်ခဲ့ပါဘူးနတ်သမီးရယ်။
 (၄)
 ငါမတွေးရဲတဲ့ အဲဒီတစ်နေ့ဆိုတာ ငါ့အတွက်မကြာခင်မှာရောက်လာတော့မယ်။
အဲဒီနေ့ကို ငါဝမ်းမြောက်ဝမ်းသာနဲ့ မကြိုဆိုနိုင်မှာတော့ သေချာပါတယ်။
အဲဒီနေ့ဟာ ငါ့အတွက်တော့ သေခြင်းတရားပြီးရင် ဒုတိယကြောက်စရာအကောင်းဆုံးဖြစ်နေလို့ပါပဲ။
ငါ့အတွက် ကမပျက်တဲ့နေ့ဖြစ်ပါလိမ့်မယ်
အပြင်ဘက်ကကြည့်ရင်တော့ ငါဟာမာကျောသူတစ်ယောက်လို့ အားလုံးကမြင်ကြပါလိမ့်မယ်။
အရွယ်နဲ့မမျှအောင်များလှတဲ့ဒဏ်ရာတွေကို တွန်းလှန်နိုင်အောင်ကြိုးစားရင်းက မာကျောနေသလိုဖြစ်နေခဲ့ရတာပါ။  အဲဒါတွေကိုထွင်းဖောက်ပြီးမြင်နိုင်ခဲ့ရင်   ငါ့ရင်ထဲကနူးညံ့မှုကို မင်းတွေ့ရပါလိမ့်မယ်။
ဘဝမှာ  ငါအလွယ်တကူနဲ့အရှုံးပေးဘူးတဲ့အရာ မရှိခဲ့သေးပါဘူး။
ဒါပေမယ့်   မင်းနဲ့ပတ်သက်လာရင် ငါပျော့ညံ့လွန်းအားကြီးနေတယ်။  နိမ့်ကျလွန်းအားကြီးနေတယ်။
ဒါပေမယ့်   ငါကျေနပ်တယ်။
မင်းနဲ့ပတ်သက်ရင် ငါ့အတွက်အရှုံးအမြတ်ဆိုတာမရှိဘူး။ ညီမျှခြင်းတွေပဲရှိတယ်။  နားလည်မှုတွေပဲရှိတယ်။
နတ်သမီးရေ……….
ငါ ရဲဝံ့စွာနဲ့ ရာနှုန်းပြည့်ကတိပေးပါတယ်။
ငါ့ကြောင့် မင်းအတွက်စိတ်အနှောက်အယှက်မဖြစ်စေရဘူး။
အနေအထိုင်ခက်စရာ ၊ အရှက်ရစရာ ၊ သိက္ခာကျစရာ မဖြစ်စေရဘူး။
ငါ့ကိုယ်ငါထက် မင်းကိုပိုပြီး ငါတန်ဖိုးထားတယ်။
မင်းအတွက်ဆိုရင် ငါ့အတွက်ထက်ပိုပြီး အရေးကြီးတယ်။
မင်းကို ငါ နားလည်တယ်။
မင်းအတွက် မင်းဘဝအတွက် ရှေ့ဆက်လုပ်ရမယ့်အလုပ်တွေ တက်လမ်းတွေ အများကြီးရှိနေတယ်။
အဲဒါတွေအတွက် မင်းကိုနားလည်တယ်။
မင်းကိုငါချစ်တယ်
အဲဒီအချစ်က မင်းအတွက် မင်းဘဝအတွက်အင်အားပဲဖြစ်စေရမယ်။
လိုချင်တယ်…..  ငါ့ဘဝတစ်ခုလုံးအတွက် မင်းကိုလိုလဲလိုအပ်တယ်။
ဒါပေမယ့်  ရပိုင်ခွင့်ရှိတယ်လို့ မတွေးထားခဲ့ဘူး။
ငါ မင်းကိုနားလည်တယ်။ မင်း ငါ့ကိုခါးခါးသီးသီး ငြင်းနိုင်တယ်ဆိုတာကို  နားလည်တယ်။
မင်းကို ငါချစ်ခွင့်တောင်းနေတာမဟုတ်ပါဘူး
မင်းကိုချစ်နေတဲ့အကြောင်းတွေပြောပြနေတာပါ။
ရယူပိုင်ဆိုင်ဖို့လဲ မကြိုးစားချင်ပါဘူး။
တကယ်လို့များ မင်းနဲ့ငါချစ်သူတွေဖြစ်သွားခဲ့ရင်တောင် ငါဟာမင်းရဲ့ချစ်သူပါလို့ မင်းသူငယ်ချင်းတွေရဲ့အလယ်မှာ ဝမ်းသာအားရပြောရဲမှာမဟုတ်ဘူးလို့  နားလည်တယ်။ နောက်ပြီး မင်းငါ့ကိုလက်ခံလိုက်တာ မှားသွားပြီလားလို့ အကြိမ်ပေါင်းများစွာစဉ်းစားပြီး နောင်တရသလိုဖြစ်နေရလိမ့်မယ်။
 
နောက်ပြီးတော့   မင်းရဲ့ညီအကို မောင်နှမ သူငယ်ချင်းကအစ အားလုံး အားလုံးပေါ့
ကိုယ့်လိုလူတစ်ယောက်နဲ့ မင်းကို ဘယ်လိုမှကြည်ဖြူနိုင်မှာမဟုတ်မှန်း နားလည်တယ်။
မင်းသာ ကိုယ့်ညီမလေးဖြစ်နေမယ်ဆိုရင် ကိုယ်လဲအဲဒီလိုတွေးချင်တွေးမိမှာပါ။
အသက်လဲ ကြီးတယ် ပညာကလဲမတတ် ပိုင်ဆိုင်မှုနဲ့အရည်အချင်းက ဘာမှပြောပလောက်အောင်မရှိတဲ့ သူတစ်ယောက်နဲ့ သဘောမတူနိုင်ကြတာ အဲဒီလူတွေဘက်ကကြည့်ရင်  မှန်တယ်။
 
အဲဒီလိုအခြေအနေမျိုးမှာ ငါဆိုတဲ့ကောင်ကရော မင်းရင်ထဲမှာဘယ်လောက်ကြာအောင်ရှိနေနိုင်မှာမို့လို့လဲ။
မင်းအသိုင်းအဝိုင်းရဲ့ သတိပေးစကား  တားမြစ်စကား  ဖျောင့်ဖျစကား    နားချတဲ့စကားတွေကြားမှာ
မင်း ငါ့ဘက်ကနေဘယ်လောက်ကြာအောင် ရပ်တည်နေနိုင်မှာလဲ။
ပြီးတော့  မင်းနဲ့သက်တူရွယ်တူတွေထဲက ပညာတတ် ရုပ်ရည်လဲချော  ပစ္စည်းဥစ္စာလဲပြည့်စုံတဲ့ကောင်လေးတွေနဲ့
မင်းတွေ့နိုင်တဲ့အခွင့်အရေးတွေအများကြီးရှိသေးတယ်။
အဲဒီလိုအခြေအနေတွေနဲ့ယှဉ်ကြည့်လိုက်ရင်  ငါက မြောင်းထဲရောက်နေတဲ့သူပါ။
ဒါတွေဟာ
ငါ့ကိုယ်ငါ အမှန်အတိုင်းမြင်အောင်ကြည့်ပြီး ငါကိုယ်တိုင်ဝေဖန်သုံးသပ်ထားတဲ့  ငါ့ရဲ့ရပိုင်ခွင့်အကုန်ပါပဲ။
 
အဲဒီအတွက် မင်းကို ငါ ဘာမှမတောင်းဆိုချင်ပါဘူး။ ဒီအတိုင်းလေးဘဲ နူးညံ့ညင်သာစွာ ဆက်လက်ခံစားခွင့်ရချင်တယ်။ပူလောင်မှုမရှိတဲ့  လေးနက်ပြီးတည်တံ့ခိုင်မြဲတဲ့  ချစ်ခြင်းတရားတစ်ခုကိုပေါ့။
ငါ့ညီမလေးတစ်ယောက်လို မင်းကို ငါတစ်သက်လုံးချစ်နေနိုင်တယ်။ အဲဒါ ငါ့ရင်ထဲက အမှန်တရားပါပဲ။
နောင်နှစ်ပေါင်း (၃၀) လောက်မှာတွေ့ဖြစ်ကြဦးမယ်ဆိုရင် မေးကြည့်လို့ရပါတယ်။ အဖြေကတော့ ပြောင်းသွားမှာမဟုတ်ပါဘူး။ငါက  မင်းနဲ့တွေ့ပြီးတဲ့နောက်မှ အချစ်ဆိုတာကို လေးလေးနက်နက်သိခဲ့ရသူပါ။  နူးနူးညံ့ညံ့ခံစားတတ်ခဲ့သူပါ။
ငါ့ဘဝမှာ အရင်တုန်းကသိပ်ပြီးအရေးမကြီးပါဘူးလို့တွေးထားခဲ့တဲ့အရာတွေဟာ
အခုတော့ အရေးအကြီးဆုံးဆိုတဲ့နေရာကို ရောက်နေတယ်။
(၅)
ငါကျောင်းတက်နေတဲ့ အချိန်တုန်းကပေါ့
ပထမဆုံးစိတ်ဝင်စားမိတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။
အခန်းချင်းမတူကြတော့ သူစာသင်တဲ့အခန်းကိုမြင်နိုင်တဲ့ခုံမှာနေရာရဖို့ကြိုးစားပြီး
စာသင်နေတဲ့တချိန်လုံးမှာလဲ သူများအပြင်ထွက်လာမလားဆိုတဲ့အတွေးနဲ့ ခိုးခိုးကြည့်ရတာ အကြိမ်ပေါင်းများစွာ။မိန်းကလေးတစ်ယောက်ယောက် ထွက်လာတိုင်းလဲ သူများဖြစ်နေမလားလို့ ကြည့်လိုက်ရတာအမော။
တစ်နေ့လုံးစောင့်ကြည့်လို့ တစ်ကြိမ်လောက်မြင်လိုက်ရတယ်ဆိုရင်ပဲ ပျော်လို့မဆုံး
တခါတလေ ထွက်လာတာမမြင်လိုက်ပဲ ပြန်ဝင်သွားတဲ့အချိန်ကျမှ ကျောကုန်းလေးမြင်လိုက်ရရင်တောင် ရလိုက်တဲ့ဝမ်းသာမှုက ဘာနဲ့မှမလဲနိုင်။
သူစီးလာတဲ့စက်ဘီးနဲ့ ဘေးချင်းကပ်မဟုတ်ရင်တောင် အနီးဆုံးနေရာမှာ စက်ဘီးရပ်ခွင့်ရအောင်ကြိုးစားရတာဆရာမပေးလိုက်တဲ့အိမ်စာထက်ပိုပြီး အရေးကြီးနေသလို
ဟိုး ဝေးဝေးကလှမ်းကြည့်လိုက်လို့ သူလာနေတာမြင်လိုက်ရင် လက်ဖျား ခြေဖျားတွေအေးပြီး
ခြေလှမ်းမှန်မှန်နဲ့ ဆက်လျှောက်နိုင်ဖို့ကြိုးစားရတာ အရမ်းခက်နေသလို……..
ငါ အခုအဲဒီလို နောက်တစ်ကြိမ်ပြန်ဖြစ်နေတယ်
မင်းမသိအောင် ခိုးကြည့်မိခဲ့တဲ့အကြိမ်ပေါင်းများစွာမှာ  ငယ်ငယ်တုန်းကလိုခံစားနေရတယ်။
 
ပြီးတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် မင်းကိုသတိရတယ်။
ဘယ်နေရာမှာနေနေ မင်းကိုသတိရတယ်
ဘယ်ကိုပဲသွားသွား  မင်းကိုသတိရတယ်
ဘာတွေပဲလုပ်လုပ် မင်းကိုသတိရတယ်
ဘယ်သူနဲ့ပဲတွေ့တွေ့ မင်းကိုသတိရတယ်
စိတ်ညစ်နေတဲ့အချိန်လဲ မင်းကိုသတိရတယ်
ပျော်နေတဲ့အချိန်လဲ မင်းကိုသတိရတယ်
ဖြူဖွေးတဲ့ပါးပြင်ထက်က ဝိုင်းစက်တဲ့ပါးကွက်လေးနှစ်ခုကို တခုတ်တရငေးမောကြည့်နေခွင့်ရချင်တယ်။
နတ်သမီးရေ…..
မင်းကိုယ်တိုင်ကိုမြင်ရမှ မဟုတ်ပါဘူး။
မင်းပေးထားတဲ့ ပန်းအိုးလေးမြင်ရင်လဲ ငါစိတ်ချမ်းသာနေတယ်
နာရီလေးကိုမြင်ရင်လဲ ငါပျော်နေတတ်တယ်
မင်းစီးတဲ့ဖိနပ်လေးချွတ်ထားတာမြင်ရင်လဲ ငါကြည်နူးတယ်
မင်းဝတ်ထားတဲ့အင်္ကျီလေးလှန်းထားမြင်ရင်လဲ ငါကျေနပ်နေတယ်
မင်းနဲ့ပတ်သက်တဲ့အရာအားလုံးဟာ ငါ့အတွက်တန်ဖိုးရှိတယ်
မင်းကို ငါဘယ်လောက်အထိချစ်သလဲဆိုတာ ငါကိုယ်တိုင်ပြောမပြတတ်လောက်အောင်ပါပဲ
ငါ့ဘဝမှာ အဲဒီလောက်အထိချစ်ရတဲ့မိန်းကလေးတစ်ယောက်ဟာ မယုံကြည်နိုင်လောက်အောင်တကယ်ရှိနေတယ်။ငါ့ဘဝတစ်ခုလုံးအတွက် တန်ဖိုးအရှိဆုံးစကားတစ်ခွန်းပေမယ့် အဲဒီလောက်ချစ်ရတဲ့မိန်းကလေးတစ်ယောက်ကို ငါမပြောရက်တော့ပါဘူး
 
ဒါပေမယ့် မင်းကိုတော့ သိသွားစေချင်သေးတယ်
မင်းဆိုတဲ့ ငါ့ရဲ့နတ်သမီးဟာ
ငါ့ကောင်းကင်ထက်က တစ်စင်းထည်းသောလ
ငါ့ရင်ထဲက ဆောင်းရာသီ
ငါ့ဒိုင်ယာရီရဲ့ နေ့စွဲသစ်
ငါ့ဖြစ်တည်ခြင်းတွေရဲ့ အရှင်သခင်
ငါ့ရင်ခွင်တစ်ခုရဲ့ နိဂုံး
ငါ့ခံစားမှုအားလုံးရဲ့ ဦးညွှတ်ရာ…ပါ
ဒါ့ကြောင့်
ဘယ်လောက်ဝေးဝေး မင်းကိုငါချစ်တယ်
ဘယ်လောက်ကြာကြာ မင်းကိုငါချစ်တယ်
ဘယ်နေရာမှာရှိရှိ မင်းကိုငါချစ်တယ်
လက်ဖျားနဲ့မထိရက်လောက်အောင် မင်းကိုငါချစ်တယ်
ငါ့နာမည်ငါမေ့သွားရင်တောင် မင်းကိုငါချစ်နေမယ်။
နတ်သမီးရေ………
ဘာတွေဘယ်လိုပဲဖြစ်ဖြစ်
ငါချစ်တဲ့မင်းအကြောင်း
ကျောက်စာတစ်ချပ်မဟုတ်ပေမယ့်
ရင်ဘတ်မှာရေးထိုးထားခဲ့ချင်တယ်
အဲဒါ 
နှလုံးသားစစ်စစ်ရဲ့နောက်ဆုံးဈာပန
မီးမရှို့ဘဲနဲ့ပြာကျသွားတဲ့အချိန်အထိပေါ့။
 
(၆)
 
နတ်သမီးရေ…..မထူးဆန်းဘူးလား
 ဗေဒင်တွေ နက္ခတ်တာရာတွေမယုံကြည်တဲ့သူတစ်ယောက်က  မင်းကိုချစ်နေတယ်
ပြဿဒါးတွေ ရက်ရာဇာတွေ္ဂဂရုမစိုက်တတ်တဲ့သူတစ်ယောက်က  မင်းကိုချစ်နေတယ်
ရိုးရာတွေ ကြိုးကြာတွေ ပစ်ပယ်ထားတဲ့သူတစ်ယောက်က  မင်းကိုချစ်နေတယ်
သံယောဇဉ်ကင်းကင်းနဲ့ အထီးကျန်စွာနေတတ်တဲ့သူတစ်ယောက်က  မင်းကိုချစ်နေတယ်
စောစောစီးစီးမအိပ်တတ်တဲ့သူတစ်ယောက်က  မင်းကိုချစ်နေတယ်
ပန်းစိုက်ရတာကြိုက်တဲ့ ပန်းကလေးတွေကိုမြတ်နိုးတတ်တဲ့သူတစ်ယောက်က  မင်းကိုချစ်နေတယ်
စာဖတ်တာ စာရေးတာ ဝါသနာပါတဲ့သူတစ်ယောက်က  မင်းကိုချစ်နေတယ်
ခရီးသွားတာ ဓါတ်ပုံရိုက်တာဝါသနာပါတဲ့သူတစ်ယောက်က  မင်းကိုချစ်နေတယ်
ဘယ်အရာကိုမှပုံသေစွဲကိုင်မထားတတ်တဲ့သူတစ်ယောက်က  မင်းကိုချစ်နေတယ်
အရာအားလုံးကို သိချင်တတ်ချင်တဲ့သူတစ်ယောက်က  မင်းကိုချစ်နေတယ်
ဘဝကိုလွတ်လပ်စွာနေထိုင်ဖြတ်သန်းချင်တဲ့သူတစ်ယောက်က  မင်းကိုချစ်နေတယ်
နေရာတိုင်းလိုလိုမှာ အများနဲ့ပုံစံကွဲလွဲနေတတ်တဲ့သူတစ်ယောက်  မင်းကိုချစ်နေတယ်
အစွဲအလမ်းကြီးတဲ့သူတစ်ယောက်က  မင်းကိုချစ်နေတယ်
အသေးအဖွဲလေးတွေကစပြီး နူးညံ့စွာခံစားတတ်တဲ့သူတစ်ယောက်က  မင်းကိုချစ်နေတယ်
သဘာဝကိုမြတ်နိုးတဲ့သူတစ်ယောက်က  မင်းကိုချစ်နေတယ်
တိရိစ္ဆာန်လေးတွေကိုချစ်တတ်တဲ့သူတစ်ယောက်က  မင်းကိုချစ်နေတယ်
စိတ်သိပ်မရှည်တတ်တဲ့သူတစ်ယောက်က  မင်းကိုချစ်နေတယ်
ပင်လယ်ကိုချစ်တဲ့သူတစ်ယောက်က  မင်းကိုချစ်နေတယ်
မိသားစုရဲ့နွေးထွေးမှုကိုမခံစားခဲ့ဘူးတဲ့သူတစ်ယောက်က  မင်းကိုချစ်နေတယ်
စိတ်ကူးယဉ်တတ်တဲ့သူတစ်ယောက်က  မင်းကိုချစ်နေတယ်
 ငါခံစားခွင့်ရချင်နေတဲ့ မိသားစုဘဝလေးတစ်ခုဟာ ဒီဘဝမှာ ငါ့အတွက်ပိုင်ဆိုင်ခွင့်ရနိုင်ပါ့ဦးမလား
ရန်မဖြစ်တတ်တဲ့မိသားစု
ကလေးတွေကိုသိပ်ချစ်တတ်တဲ့မိသားစု
ကလေးတွေကိုမရိုက်တတ်တဲ့မိသားစု
အချင်းချင်း နားလည်မှု ကိုယ်ချင်းစာမှုရှိတဲ့မိသားစု
မေတ္တာတရားရဲ့အရိပ်အောက်က နွေးထွေးမှု လုံခြုံမှုရှိတဲ့မိသားစု
အားလုံးက စံပြအဖြစ်နဲ့ အားကျငေးမောနေရမယ့် မိသားစုလေးပေါ့……….
နတ်သမီးရေ…
ငါ အခုတလော  အိမ်ကိုအရမ်းသတိရတယ်။
အမေကိုလဲ အရမ်းသတိရတယ်။
မိသားစုဆိုတဲ့ ခံစားမှုဟာ ငါ့အတွက်ပိုပြီးလေးနက်လာခဲ့တယ်။
အမေ…ဆိုတဲ့ အကြီးမားဆုံးမေတ္တာပေးနိုင်တဲ့သူကို အချိန်တော်တော်ကြာအောင်မေ့ထားသလိုဖြစ်ခဲ့တဲ့အတွက်
ငါ ဝမ်းနည်းမိတယ်။
ငါက တစ်ယောက်ထဲ ပေပေတေတေနဲ့ သွားချင်ရာသွား ၊ လုပ်ချင်ရာလုပ် ၊ နေချင်သလိုနေရမှ လွတ်လပ်တယ်လို့ယူဆပြီး အဲဒီပုံစံအတိုင်းပဲ နေခဲ့တယ်။
မင်းနဲ့တွေ့မှ  မိသားစုဆိုတဲ့အဓိပ္ပါယ်ကို ပိုပြီးလေးလေးနက်နက်နားလည်လာခဲ့တယ်။
မိသားစုတစ်ခုရဲ့နွေးထွေးမှုကိုခံယူပြီး အဲဒီအရိပ်အောက်က စည်းကမ်းရှိတဲ့ ထိုက်သင့်တဲ့လွတ်လပ်မှုတစ်ခုက
ငါ့အတွက်ရော ငါ့မိသားစုအတွက်ပါ အသင့်တော်ဆုံးဖြစ်လိမ့်မယ်လို့  သိလာခဲ့တယ်။
ကျေးဇူးတင်ပါတယ်နတ်သမီး
ငါ့ဘဝအတွက်  ငါ့မိသားစုအတွက်  ငါနဲ့ပတ်သက်တဲ့သူတွေအတွက်
အယူအဆ အတွေးအခေါ်အားလုံးကိုပြန်လည်ပြင်ဆင်ပြီး အားလုံးနဲ့အဆင်ပြေမယ့် နေထိုင်ပုံနည်းစနစ်နဲ့
ငါ့ကိုယ်ငါပြင်ဆင်ဖို့သတိရလာအောင် လုပ်ပေးနိုင်တဲ့အတွက်ပေါ့။
ချစ်ခဲ့ဖူးတဲ့မိန်းကလေးတွေရှိခဲ့ပေမယ့် ချစ်တယ်ဆိုတာထက်ပိုပြီး  ဘဝထဲရောက်တဲ့အထိ တစ်ယောက်ကိုမှ မလေးနက်ခဲ့ဖူးတာ အမှန်အတိုင်းဝန်ခံပါတယ်။ မင်းနဲ့တွေ့မှ ဘဝဆိုတဲ့အထိ မိသားစုဆိုတဲ့အထိ ငါလေးနက်ခဲ့တာပါ။
မင်းဟာ ငါ့ဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်ခဲ့တဲ့ ပထမဆုံးမိန်းကလေးပါပဲ။
ငါရဲဝံ့စွာဆုံးဖြတ်လိုက်ပါပြီ။
အမေ့အိမ်ကိုပြန်မယ်။ အမေနဲ့အတူတူနေပြီး အမေရှိနေသရွေ့ အမေဖြစ်ချင်တာတွေအကုန်လုံးဖြည့်ဆည်းပေးမယ်…လို့ပေါ့။အမေ နဲ့ ငါ အနည်းဆုံး ဆယ့်ငါးနှစ်လောက်တော့နေခွင့်ရဦးမယ်လို့မျှော်လင့်ပါတယ်။
အဲဒီအချိန်တွေဟာ ငါ့ဘဝအတွက်အဓိပ္ပါယ်အရှိဆုံး ကျေနပ်စရာအကောင်းဆုံးအချိန်တွေဖြစ်လာမှာသေချာပါတယ်။
ငါ့ကို အဓိပ္ပါယ်ရှိတာတွေ တွေးပြီး  အဓိပ္ပါယ်ရှိတာတွေလုပ်ဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့တဲ့မင်းကို ငါတစ်သက်လုံးကျေးဇူးတင်စွာနဲ့ သတိရနေမယ်။
နတ်သမီးရေ……
ဘဝဆိုတာ လက်တွေ့အကျဆုံးသင်ခန်းစာတစ်ခုပါ။
စိတ်ကူးယဉ်ချင်တယ်ဆိုရင်တောင် ဘဝကခွင့်မပြုတော့တဲ့လူတစ်ယောက်ရဲ့ လက်တွေ့ဆန်တဲ့အနာဂတ်တစ်ခုအတွက်  မင်းဆီကဆုံးဖြတ်ချက်ကိုစောင့်နေတယ်။
တစုံတယောက်ရဲ့ တိုက်တွန်းမှု အကြံပေးမှုမပါတဲ့ နှလုံးသားရဲ့လိုအပ်ချက်စစ်စစ်နဲ့ ရွေးချယ်ခဲ့ခြင်းဟာ
နတ်သမီးကို ချစ်တယ် ဆိုတာပါပဲ။
အခု မင်းဖတ်နေတဲ့အကြောင်းအရာတွေဟာ ငါ့ရင်ထဲကအမှန်တရားတွေကိုဖွင့်ဟဝန်ခံထားတဲ့ အဖြူရောင်ဝန်ခံချက်တစ်စောင်ပဲဖြစ်ပါတယ်။
ငါတို့နှစ်ယောက်ကြားက သိပ်မများလှတဲ့အမှတ်တရလေးတွေရဲ့အဆုံးဟာ အမုန်းမဟုတ်ပါစေနဲ့….လို့ဆုတောင်းရင်း
နှလုံးသားရဲ့သမိုင်းဝင်စာတမ်းမှာ  ပန်းပွင့်တာကိုပဲမြင်ချင်ခဲ့သူပါ။
ပြောပြချင်တာ  သိစေချင်တာသက်သက်ထက်  ပိုင်ဆိုင်ခွင့်မရှိရင်တောင် မျှော်လင့်နေချင်သေးတဲ့ဆန္ဒကို
အတ္တလို့စွပ်စွဲလာခဲ့ရင်  ဖြေရှင်းချက်ပေးစရာမရှိပါဘူး။
အတ္တများစွာကို မွေးဖွားသန့်စင်စေခဲ့တဲ့ နတ်သမီးတစ်ယောက်အတွက် စုစည်းသီကုံးခဲ့တဲ့စကားလုံးတိုင်းကို
ငါ့လက်နဲ့မရေး ငါ့အသက်နဲ့ရေးခဲ့ပါတယ်။
စကားလုံးတိုင်းဟာ သစ္စာတရားကို ကိုယ်စားပြုပြီး
အကြောင်းအရာတိုင်းဟာ အမှန်တရားနဲ့ပြီးပြည့်စုံတဲ့အကြောင်း    ရဲဝံ့စွာအာမခံပါတယ်နတ်သမီး။
 
 
ကိုမိုးစက်
May – 7 -2010 Friday
 
 
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...