ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Wednesday, June 25, 2014

ဘိန်းစားဒိုင်ယာရီ


 
ကျနော်ဟာ ဘိန်းစားတစ်ယောက်ပါ…………..
ဒါပေမယ့် သာမန်ဘိန်းစားတစ်ယောက်တော့မဟုတ်ပါဘူး
ဆရာဦးအောင်သင်းပြောတဲ့ ဘိန်းစားမျိုးပါ။
ဆရာဦးအောင်သင်းရဲ့ဆရာဖြစ်တဲ့ သခင်ကျော်စိန်မှာ ဘိန်းစားသူငယ်ချင်းနှစ်ယောက်ရှိပါတယ်။
အဲဒီလူကြီးနှစ်ယောက်ဟာ ဘိန်းစားပြီး ဘိန်း Feel ၀င်နေတဲ့အချိန်ဆိုရင်
တစ်ယောက်နဲ့တစ်ယောက်အင်မတန်မှချစ်ကြပါသတဲ့
အချင်းချင်းစကားပြောကြတယ်ဆိုရင်
ဘိန်းဖြတ်တော့မယ့်အကြောင်း ၊ ဘ၀ရဲ့ရှေ့ရည်မှန်းချက်တွေအကြောင်း
သူတို့လုပ်မယ့်စီးပွားရေးတွေအကြောင်း ၊ ကလေးတွေကိုပြုစုပျိုးထောင်ပေးဖို့
မိသားစုကိုဂရုစိုက်ဖို့နဲ့ တစ်ယောက်ကိုတစ်ယောက်ပြုပြင်ဖေးမ,ပေးဖို့အကြောင်းတွေ
အမြဲတမ်းလိုလိုပြောဖြစ်ကြတယ်တဲ့။
ဒါပေမယ့် ဘိန်း Feel ကုန်သွားတဲ့အချိန်ကျရင် အဲဒါတွေအကုန်လုံးတစ်ခုမှမလုပ်ဖြစ်တော့ပဲနဲ့
ဘိန်းစားဖို့အတွက်ပဲကြိုးစားကြပါတယ်။
ဆရာဦးအောင်သင်းက အဲဒီလူကြီးတွေနဲ့ဥပမာပြပြီး လူငယ်တွေကိုပြောပြထားတာပါ။
အခုခေတ်လူငယ်လေးတွေရဲ့စိတ်ထဲမှာအဲဒီလိုမျိုး အင်မတန်ကောင်းတဲ့ဘိန်းစားအိပ်မက်ကလေးတွေ
ရှိပါတယ်။
အဲဒီဘိန်းစားအိပ်မက်လေးတွေကို လက်တွေ့အကောင်အထည်ဖော်ပေးနိုင်ဖို့လိုအပ်ပါတယ်။
အိပ်မက်ကိုလက်တွေ့အကောင်အထည်မဖော်နိုင်ရင်တော့ အိပ်မက်အဖြစ်နဲ့ပဲပြီးဆုံးသွားမှာပါ။

ဟုတ်ပါတယ်……….
ဒီနေရာမှာ ယောအတွင်းဝန်ဦးဖိုးလှိုင်ပြောခဲ့တဲ့ တစ်သိန်းတန်စကားတစ်ခွန်းကို
မသိသေးတဲ့သူငယ်ချင်းတွေအတွက် ကျနော်ပြန်လည်ပြောပြပါရစေ
မင်းတုန်းမင်းကြီးကညီလာခံတစ်ခုမှာ “မရှိတာထက် မသိတာခက်”  တယ်ဆိုရင်
မသိတာထက်ခက်တာရောရှိသေးလားလို့ ဦးဖိုးလှိုင်ကိုမေးပါတယ်။
ဦးဖိုးလှိုင်က ရှိပါတယ်   လို့ဖြေပါတယ်။
ဒါဆိုရင်မသိတာထက်ခက်တာဘာလဲလို့   ဆက်မေးပါတယ်။
ဦးဖိုးလှိုင်က “မသိတာထက်ခက်တာ မလုပ်တာ”  ပါ ဘုရား။
မသိတာကိုလဲ သိအောင်လုပ်ရင်ရပါတယ်   မရှိတာကိုလဲ ရှိအောင်လုပ်ရင်ရပါတယ်။
မလုပ်ရင်တော့ဘာမှဖြစ်လာမှာမဟုတ်တော့တဲ့အတွက် “မလုပ်တာ” က အခက်ဆုံးပါလို့ လို့ဖြေပါတယ်။
ဦးဖိုးလှိုင်ရဲ့အဖြေကိုမင်းတုန်းမင်းကြီးအားရကျေနပ်လွန်းလို့
လက်မှာစွပ်ထားတဲ့တစ်သိန်းတန်လက်စွပ်ကိုချွတ်ပြီးဆုချခဲ့တယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။

ကျနော်တို့ဟာ တစ်ချိန်မှာလူကြီးဖြစ်လာမယ့်သူတွေပါ။
ကျနော်တို့ကိုယ်တိုင်ရဲ့အနာဂတ်အတွက် (ဖြစ်နိုင်ရင်) နိုင်ငံရဲ့အနာဂတ်အတွက်ပါရည်ရွယ်ပြီး
ကျနော်တို့အမြဲတမ်းမက်နေပေမယ့် အကောင်အထည်မဖော်ဖြစ်ခဲ့တဲ့ဘိန်းစားအိပ်မက်လေးတွေကို
တတ်နိုင်သလောက်ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့အကောင်အထည်ဖော်ဖြစ်ခဲ့မယ်ဆိုကြရင်……….

ကျနော်ထိုင်းနိုင်ငံရောက်ခါစ ထိုင်းနိုင်ငံတောင်ပိုင်းကရေလုပ်ငန်းထွန်းကားတဲ့မြို့လေးတစ်မြို့မှာ
တစ်နှစ်လောက်အလုပ်လုပ်ခဲ့ဖူးပါတယ် ။ အဲဒီမှာအလုပ်လုပ်သူတွေက
အသက်(၁၆) ကနေ (၃၀)အတွင်းလူငယ်တွေကအများစုပါ ။ သူတို့တွေ အရက်သောက် ၊ ဖဲရိုက်
ဖင်ဆီဒိုင် သောက်နေတဲ့အချိန်မှာ ကျနော်စာဖတ်နေပါတယ်။
(ကိုယ့်ကိုယ်ကိုယ် လူလိမ္မာလို့အမွှန်းတင်ခြင်းမဟုတ်ပါ ၊ ကျနော်စာဖတ်ဝါသနာအရမ်းကြီးပါတယ်)
ထိုင်းနိုင်ငံဟာ ကျနော်တို့နိုင်ငံထက်စာရင် မူးယစ်ဆေးဝါးမျိုးစုံလွယ်လွယ်နဲ့ရနိုင်တဲ့နိုင်ငံပါ
(အခုတော့နည်းနည်းခက်သွားပါပြီ)  အများနဲ့ကွဲလွဲတဲ့ကျနော့်ရဲ့နေထိုင်ပုံကြောင့်သူတို့အတွက်
အထူးအဆန်းဖြစ်နေလားမသိပါ။      အားလုံးက(မြန်မာပြည်သားတွေပီပီ)ဖော်ရွေမှုရှိကြပါတယ်

ကျနော်နဲ့စကားပြောဖြစ်ကြတော့ သူတို့မကြားဖူးတာတွေ မတွေးဖူးတာတွေ ကြားရတွေးရတော့
တချို့ကတော့ဂွကျတဲ့သူလို့ထင်သလားမသိပါ    သိပ်မခင်ကြပါဘူး 
တချို့ကလေးတွေကျတော့ တော်တော်ခင်ကြပါတယ် (ကျနော့်လိုဘိန်းစားလေးတွေဖြစ်နေလို့လားမသိဘူး)
ကျနော်နဲ့စကားပြောတယ် သူတို့မေးတယ် ကျနော်ဖြေတယ်။
သူတို့နဲ့ကျနော်နဲ့တွေ့ရင် မိုးလင်းအထိစကားထိုင်ပြောဖြစ်ကြတယ်။
သူတို့ဖတ်သင့်တဲ့စာအုပ်တွေကို ကျနော်လက်လှမ်းမီသလောက်ရှာပေးတယ် ညွှန်ပေးတယ်။
ကျနော့်မှာပါသွားတဲ့စာအုပ်တွေကို သူတို့ကိုပေးဖတ်တယ် အဲဒီစာအုပ်ကိုဖတ်လို့ရလာတဲ့
သူတို့ရဲ့အမြင် အတွေးအခေါ် ခံစားချက်တွေကိုသူတို့နဲ့ပြန်ပြီးဆွေးနွေးကြည့်တယ်။
အဲဒီလိုနဲ့ကြာလာတော့သူတို့လေးတွေရဲ့ပြောင်းလဲမှုကိုကျနော်သတိထားမိလာတယ်။
သွားလာနေထိုင်ပုံ ၊ ပြောဆိုဆက်ဆံပုံတွေပေါ့နော် သတိရှိလာတယ်။
စိတ်နေသဘောထားနူးညံ့လာတယ် ခွင့်လွှတ်တတ်လာတယ် သဘောထားကြီးလာတယ်။
အမှားနည်းလာတယ် ပြဿနာနည်းလာတယ် စသဖြင့်ပေါ့……….

(ကျနော်တို့ဖတ်ဖြစ်တဲ့စာအုပ်တွေက ဆရာတော်ဦးဇောတိက ၊ အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ)
အရှင်ဆန္ဒာဓိက ၊ ဆရာဦးအောင်သင်း ၊ ဒေါက်တာမတင်ဝင်း ၊ ချစ်စံဝင်း ၊ ချစ်နိုင်(စိတ်ပညာ) ၊ ဖေမြင့် ၊
နန္ဒာသိန်းဇံ ၊ မြသန်းတင့်…………….စသဖြင့်ပေါ့    တော်တော်များပါတယ်)

 
ကျနော်တို့အားလုံးလိုလိုမှာတူညီတဲ့ဆန္ဒတစ်ခုက ဆရာဦးအောင်သင်းပြောတဲ့
စာကြည့်တိုက်ယဉ်ကျေးမှု  အဲဒါကိုကျနော်တို့သိပ်လုပ်ချင်ခဲ့တယ်။
ကျနော်တို့အားလုံးရူးခဲ့တယ်…………………………………..
ကျနော်တို့အဖွဲ့လေးရဲ့စာကြည့်တိုက်ဖွင့်ပွဲကို ဆရာဦးအောင်သင်းကိုယ်တိုင်လာတယ်။
ဆရာတော်ဦးဇောတိက နဲ့ ဦးဇ၀န(မေတ္တာရှင်-ရွှေပြည်သာ) အရှင်ဆန္ဒာဓိကတို့ကိုဆွမ်းကပ်တယ်။
ဒေါက်တာမတင်ဝင်း တို့နဲ့အတူ တခြားစာရေးဆရာတော်တော်များများလာကြတယ်။
ဆရာဦးအောင်သင်းက ကျနော်တို့ကိုဆုံးမစကားပြောတယ်။ လမ်းညွှန်မှုပေးတယ်။
စာကြည့်တိုက်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အဖွဲ့သားတွေအားလုံးသွေးလှူကြတယ်။
စာကြည့်တိုက်နဲ့တွဲပြီးတော့ သန့်ရှင်းသပ်ယပ်ပြီးအေးချမ်းတိတ်ဆိတ်တဲ့ကော်ဖီဆိုင်လေးတစ်ခု
ကျနော်တို့ဆက်လုပ်တယ်။   တိတ်ဆိတ်ငြိမ်သက်မှုအပြည့်နဲ့စာဖတ်လို့ကောင်းတဲ့(ရိပ်သာဆန်ဆန်)
ဆိုင်ကလေးပေါ့။ စာကြည့်တိုက်ရဲ့ member တွေအားလုံး သူတို့ဖတ်တဲ့စာအုပ်ကိုအမျိုးအစားအလိုက်
Profile ထားပေးတယ် ဘယ်သူက ဘယ်လိုစာမျိုးအဖတ်များတယ်သိရအောင်ပေါ့။

တစ်လတစ်ခါ ခေါင်းစဉ်တစ်မျိုးစီနဲ့ဦးဆောင်ဆွေးနွေးသူတစ်ယောက်စီပြောင်းပြီးတော့
တွေ့ဆုံဆွေးနွေးပွဲလုပ်ပေးတယ်။  စာရေးဆရာကြီးတွေကိုဖိတ်ခေါ်ပြီးအကဲဖြတ်စေတယ်
အဆုံးအမခံယူတယ်။
စိတ်ကူးနဲ့ရူးပြီးကျနော်တို့အားလုံးပျော်ခဲ့ကြတယ်   ငိုခဲ့ကြတယ်………….

ကျနော် စာဖတ်တာ ၊ စာရေးတာ ၊ ဓါတ်ပုံရိုက်တာ ၊ ခရီးသွားတာ ၊ သစ်ပင်ပန်းပင်စိုက်တာ
အခက်အခဲရှိသူတွေကိုကူညီတာ  (ပရဟိတလုပ်ငန်းတွေ)
နောက်…..အနုပညာနဲ့ပတ်သက်တာတော်တော်များများဝါသနာပါ ပါတယ်။
ကျနော့်ရဲ့ဘိန်းစားလေးတွေဟာလဲ သူတို့ရဲ့အိပ်မက်လေးတွေကိုထုတ်ပြောခဲ့ကြပါတယ်
ကွန်ပျူတာသင်ချင်တတ်ချင်တဲ့သူတွေ ၊ ဦးကျော်သူတို့လိုနာရေးကူညီမှုလုပ်ချင်သူတွေ
အရှင်ဇ၀န (မေတ္တာရှင်) တို့လိုမျက်စိကွယ်သူတွေကိုခွဲစိတ်ကုသပေးချင်သူတွေ…………….
အများကြီးပေါ့နော်  ရှိခဲ့ပါတယ်။
အခြေအနေအရ ကျနော်ဘန်ကောက်ပြောင်းလာခဲ့ရတော့ ကျနော့်ရဲ့ဘိန်းစားလေးတွေနဲ့
ကျနော်ဟာတဖြည်းဖြည်းနဲ့အဆက်အသွယ်ပြတ်မှန်းမသိ ပြတ်လာခဲ့တယ်။
ကျနော်နဲ့အတူတူနေပြီး ကျနော်နဲ့အလုပ်အတူတူလုပ်ချင်တဲ့ကလေးတွေ
တွေကို ကျနော်ဘာမှလုပ်မပေးနိုင်ခဲ့ပါဘူး။  (ကျနော်ဘာကောင်မှလဲမဟုတ်ပါဘူး)
မြန်မာပြည်ပြန်သွားကြတဲ့သူတွေလဲရှိသလို အိမ်ထောင်ကျသွားသူတွေ တခြားနေရာ
တခြားအလုပ်ပြောင်းသွားသူတွေလဲရှိတယ်။

ဘယ်နေရာပဲရောက်ရောက် ဘယ်လိုအခြေအနေမျိုးမှာပဲရှိနေနေ
ဘိန်းစား……လို့ခေါ်လိုက်ရင်ဘိန်းစားအိပ်မက်တွေလှည့်ပတ်စီးဆင်းနေတဲ့ကျနော်တို့ရဲ့
ဘိန်းစားသွေးတွေက အချင်းချင်းသိကြပါတယ်။

ဒီစာကိုဖတ်ရတဲ့သူတွေအထဲမှာ ကျနော်နဲ့ဘိန်းစားဖက် ဘိန်းစားလေးတွေထဲကတစ်ယောက်တစ်လေ
ပါခဲ့မယ်ဆိုရင် ဒီစာကိုကျနော့်ရင်ဘတ်တစ်ခုလုံးနဲ့ရေးခဲ့တယ်ဆိုတာ သူတို့သိပါလိမ့်မယ်။
(ဒီစာကိုရေးရင်းနဲ့သူတို့ကိုသတိရလွန်းလို့ကျနော်မငိုပဲနဲ့မျက်ရည်ကျမိပါတယ်)

 ကျနော့်ညီလေးတွေကိုပြောချင်ပါတယ်  ကျနော်နဲ့နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ
အဓိကကျတာ ကိုယ့်ရဲ့ဘိန်းစားတတ်တဲ့အကျင့်ရယ်
ဘိန်းစားအိပ်မက်တွေကိုလက်တွေ့အကောင်အထည်ဖော်တတ်တဲ့အကျင့်ရယ်
အဲဒီနှစ်ခုကိုအမြဲတမ်းလုပ်ပေးနေပါ……လို့
ကျနော်တို့ရဲ့ပတ်ဝန်းကျင်မှာ ကျနော်တို့လိုပဲ ဘိန်းစားချင်တဲ့ ဘိန်းစားတတ်တဲ့ကလေးတွေ
ရှိနေရင်လက်တွဲပါ ကူညီပါ ၀ိုင်းဝန်းလုပ်ဆောင်ပါ………….လို့ပြောချင်ပါတယ်။

ကျနော်ကိုယ်တိုင်လဲ ကျနော့်ရဲ့ဘိန်းစားအိပ်မက်လေးတွေကိုစွမ်းနိုင်သလောက်
ဆက်လုပ်သွားမှာပါလို့ကျနော့်ရဲ့ဘိန်းစားလေးတွေကို ၀န်ခံကတိပြုရင်းနဲ့……………………….

 ကိုမိုးစက် (ဘိန်းစားကြီး)

 

 

 

 

 

 

 

 

 

 

 

 

 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...