ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Sunday, June 22, 2014

ကြည်ညိုလိုက်စမ်းပါ

လောက၌ အကောင်းမြင်ဝါဒီ အဆိုးမြင်ဝါဒီဟု နှစ်မျိုးရှိသည်။ အထူးသဖြင့်ယနေ့ခေတ်သည်အဆိုးမြင်ဝါဒီသမားတို့ တိုးပွားကြီးထွားသောခေတ်ဖြစ်လေသည်။ ဤကဲ့သို့သောခေတ်ကြီးတွင် နိန္ဒာ၊ပသံသာ လောကဓံနှစ်ဖြာကို ခံနိုင်ရည်စွမ်းမရှိသူအဖို့ဒုက္ခသံသရာပင်လယ်ဝေဖို့သာရှိတော့သည်။ သာသနာ့ဝန်ထမ်းရှင်ရဟန်းတို့အပေါ်ဝယ် မိဘမေတ္တာအပြည့်ဝဖြင့် ရှုမြင်သုံးသပ်သာသနာတော်၏ အဓွန့်ရှည်တည်တံ့ရေးကိုလိုလားသည့်ကျောင်းအစ်မ တစ်ဦး၏ ရှင်သာမဏေရဟန်းငယ်များအပေါ်စောင့်ရှောက်ပုံကို ယနေ့ခေတ် အပြစ်ကိုသာမြင် အတုယောင်ကိုသာ အဟုတ်ကြီး ထင်နေကြသည့် လူအများစု အတွက်ဖေါ်ပြလိုပါသည်။ မန္တလေးမြို့ ယခုမျက်မှောက်ခေတ်တွင် အောင်မြင်နေသည့် စာသင်တိုက်ကြီး၏ ကျောင်းအစ်မဖြစ်သည့် အမျိုးသမီးကြီး၏ မျက်နှာအသွင်ပြင်သည် ကျက်သရေလည်းရှိ စိတ်ဓာတ်ကလည်းတကယ်ပင် မွန်မြတ်ပါပေသည်။ စာသင်သား သံဃာ၂၀၀ကျော်ကို နေ့စဉ် ဟင်းကောင်းတစ်ခွက်စီမံကာလှူဒါန်းလေ့ရှိသည့်ကျောင်းအစ်မကြီးသည် မိခင်မေတ္တာအပြည့်ဖြင့် သူမ လှူဒါန်းထားသည့် ကျောင်းဝင်းအတွင်းကိုလေ့လာ ကြည့်ရှု့ စီစစ်လေ့ရှိသည်။ စည်းကမ်းလည်း အလွန်ပင်ကြီးသည့် အမျိုးသမီးကြီး ဖြစ်သည်။ သူမလှူဒါန်းထားသော ကျောင်းအတွင်း စာသင်နေသည့် ရှင်သာမဏေများသည် အသက်အရွယ်အားဖြင့် (၇)နှစ်မှသည် အသက် (၁၉)နှစ် အရွယ်ထိဖြစ်သည်။ ရဟန်းငယ် များမှာလည်း အသက်အားဖြင့် (၂၀)၀န်းကျင် နှင့် (၃၀)ကြားမှာ ရှိကြသည်။ အသက်လေးဆယ်ကျော် ဆိုသည်မှာ ကျောင်းထိုင်ဆရာတော် တစ်ပါးသာရှိသည်။ လောကီအမြင်နှင့် ကြည့်မည်ဆိုလျှင် (၇)နှစ်နှင့် (၁၅)နှစ် အရွယ်များသည် အလွန်ပင် ဆော့လို ၊ အငြိမ်မနေလိုသည့် အရွယ်များဖြစ်သည်။ ကိုရင်ဆိုသည့် နာမည်နှင့် လိုက်အောင် ဆရာသမားများက နေ့စဉ် ညစဉ် ဆုံးမထား၍သာ အရွယ်နှင့်မမျှ ကိုယ်အမှုအရာ နှုတ်အမူအရာ လေးတွေ ချစ်ဖို့ကောင်းနေသည်။ ဆရာသမား များကွယ်ရာရောက်သွားလျှင်တော့ သင်္ကန်းကိုဘေးချ ကလေးသဘာဝ ထိန်းချုပ်မရ ကြံဖန်ကာဆော့ကြသည်။ စာရေးသူ ကိုရင်ပေါက်စဘ၀အသက်အားဖြင့် (၇)နှစ်သား အရွယ်မှာ ရွာထဲ ဆွမ်းခံသွားရင်း တခါတရံ အဖေါ်ကောင်းရင်သပိတ်ကိုဘေးချသင်းပိုင်လိပ်ထဲက သားရေကွင်းထုတ်ကာ သားရေပင် ပစ်တမ်း ဆော့လို့ ဆရာတော်ကကြိမ်နဲ့ဆော်ခံရတာ အကြိမ်ပေါင်းမနည်းပင်။ နေ့စဉ်နှင့်အမျှ ကျောင်းဝင်းအတွင်း အိမ်သာရေချိုးခန်းပါမကျန် လိုက်လံကြည့်တတ်သည့်သူမသည် တခါတခါကိုရင်လေးများ ကျောင်းဆောင်အတွင်း အ၀တ်စုတ်ကိုလုံးကာဘောလုံးကန်ကြသည်ကိုလည်းတွေ့မြင်ရသလို တစ်ခါတစ်ခါ ကိုရင်ကြီးများ စာအုပ်ဘေးချ ကျားထိုးကြသည်ကိုလည်းတွေ့မြင်ရသည်။သူမသည် ဆရာတော်ကြီးကိုလည်း မလျှောက်၊ သူကိုယ်တိုင်လည်း မမြင်သကဲ့သို့ ရှောင်ဖယ်သွားတတ်သည်။ ကျောင်းရှိကပ္ပိယများ ကိုရင်လေးတို့ဆော့သည်ကိုမြင်၍ ဆရာတော်ကိုလျှောက်လိုက်၍ ဆရာတော်က ရိုက်လျှင်လည်း ဦးဇင်းရယ် မရိုက်ပါနဲ့ ကိုရင်လေးတွေက ကလေးအရွယ်တွေပဲ ဆော့ချင်ကြမှာပေါ့ ဒဏ်လေးလောက်ပဲ ပေးပြီးကျေနပ်လိုက်ပါ ဆုံးမလိုက်ပါ ဦးဇင်းရယ်ဟု ဖြေသိမ့်တတ်သည်။ သူမ၏ ကိုရင်လေးတို့ပေါ်ထားရှိသည့် သဘောထားကို ကပ္ပိယကြီးအား ပြောပြသည်ကို ဤသို့ ကြားမိသည်…. ကပ္ပိယကြီးရယ် ကိုရင်လေးတွေဆော့တာ မဟုတ်တာလေးတွေကို ဆရာတော်ကိုမလျှောက်ပါနဲ့။ သူတို့လေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနဲ့ခွဲ ရပ်ရွာနဲ့ခွဲပြီး ပိဋကတ် စာပေတွေကျက် သာသနာတော်မှာပျော်မွေ့နေတာကို ကျေနပ်လိုက်စမ်းပါတဲ့။ ရှင်လည်း မ၀တ်နိုင်၊ ကျွန်မလည်း ၀တ်ခွင့်မရတဲ့ သင်္ကန်းကို ရုံလို့ တစ်ခါတစ်ခါ ဆွမ်းခံသွားခါနီး သူတို့လေးတွေတန်းစီရပ်လို့ သပိတ်လေးတွေပိုက်ပြီး သူတို့ဆရာသမားရှေ့မှာ သြ၀ါဒကိုခံယူ မျက်လုံးလုံးတွေ မှိတ်၊ ငြိမ်ငြိမ်လေး ရပ်နေတာလေးကို မြင်လိုက်ရရင် ကျွန်မဖြင့်လေ (၇)နှစ်သားနဲ့ ရဟန္တာဖြစ်သွားတဲ့ ရှင်ပဏ္ဍိတတို့ ရှင်သံကိစ္စတို့များလားလို့ စိတ်ထဲမှာကြည်နူးမိတယ်။ ပီတိတွေဖြစ် သဒ္ဓါတရားတွေ ပွားများမိပါတယ်တဲ့။ ဆော့တတ်တဲ့အရွယ်မှာကလေးစိတ်ကရှိနေတော့ပုထုဇဉ်ကိုရင်လေးတွေပဲကပ္ပိယကြီးရယ်အပြစ်တော့ ဘယ်ကင်းပါ့မလဲ။ သင်္ကန်းဝတ်ထားလို့သာ ကိုရင်ခေါ်ရတာကိုး။ သူ့အရွယ် သူ့သဘာဝ အတွင်းစိတ်ကတော့ဆော့ချင်နေရှာမှာပေါ့။ ဒီလိုအရွယ်လေးနဲ့ ငါတို့မလုပ်နိုင်တာတွေ သူတို့က လုပ်နေတာ ပါလားလို့ သိလိုက်ရင် သူတို့အပေါ် နားလည်လို့ရတာပေါ့ကပ္ပိယကြီးရယ်။ စာကျက်လိုက်ဆော့လိုက်နဲ့ ဒီလိုနဲ့ပဲ လတွေကုန် နှစ်တွေကုန် ကိုရင်လေးကနေ ကိုရင်ကြီး၊ ကိုရင်ကြီးကနေ ဦးဇင်းလေး၊ ဦးဇင်းလေးကနေ ဆရာတော်ကြီးတွေ ဖြစ်သွားရတာပဲလေ။ ကိုရင်လေးတွေကို သားသမီးလို သဘောထားပြီးချစ်လိုက်စမ်းပါ ကပ္ပိယကြီးရယ်တဲ့။ နောက်ရှိသေးတယ် ကပ္ပိယကြီးရေ…. သားအလတ်တွေ ရှိသေးတယ်တဲ့။ သားအငယ်တွေက ဆော့ရုံပဲရှိတာ။ စိတ်မပူရဘူး ကပ္ပိယကြီးရေ….. သားအလတ်တွေက သိတဲ့အတိုင်း အသက်က (၁၅) (၁၆) (၁၇) (၂၀)နှစ်တွေလေ။ လောကီပြော ပြောရရင် လူပျိုပေါက်စ မြီးကောင်ပေါက် အရွယ်တွေပေါ့။ ဒီအရွယ်တွေက ကွမ်းဝါးချင်လာတယ် ဆေးလိပ်သောက် ချင်လာတယ်။ ကောင်မလေးတွေပေါ် စိတ်ဝင်စားလာတဲ့ အရွယ်တွေပေါ့။ ကျွန်မက သိတယ်….ဒီကိုရင်ကြီးတွေ ဦးဇင်းငယ်လေးတွေရဲ့ ခြေလှမ်းဘယ်ရောက် နေတယ်ဆိုတာ ကပ္ပိယကြီးက မသိဘူး။ အခု အပြင်ကိုသွားပြီးညနေတိုင်း ကျောင်းအနားကဆိုင်တွေမှာ ထမင်းကြော် ခေါက်ဆွဲကြော် ၀ယ်စားနဲ့ တော်ကြာ အပြင်က ကောင်မလေးတွေနဲ့ ရှုပ်တာတွေဖြစ်မှာစိုးရတယ်။ အဲဒါ ကျောင်းနားကဆိုင်တွေကို ခပ်ဝေးဝေးဆိုင်ဖွင့်ဖို့ ငွေပေးပြီးရှင်းထားရတယ်.. ကပ္ပိယကြီးရေတဲ့။ ဆွမ်းစားကျောင်းမှာရှိတဲ့ အစားအသောက်ယူစားတာ ကပ္ပိယကြီး မမြင်သလို နေပေးပါ။ အပြင်ဆိုင် ထွက်ထိုင်ပြီးစားတာထက်စာရင် ကျွန်မကျောင်းက ကိုရင်တွေ ကျွန်မသားတွေက အများကြည်ညိုဖို့ကောင်းတာပေါ့။ စိတ်ကစားတဲ့အရွယ်လေးတွေကို ကျမတို့က ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးလိုက်ရင် သူတို့စာပေတွေ သူတို့ဆရာသမား အဆုံးအမတွေနဲ့ ဖြေးဖြေးချင်း အရွယ်လေးရလာပြီး ကိုရင်ကြီးတွေ ဦးဇင်းလေးတွေ တည်ငြိမ်သွားမှာပေါ့။ တနေ့က ကိုရင်ကြီးတစ်ပါး အုတ်တံတိုင်းခုန်ပြီးဘောလုံးပွဲ သွားကြည့်တာဆရာတော်ကမြင်တယ်ဆိုလို့ အဲဒီကိုရင်ကြီးကို ဆရာတော်ကနှင်ထုတ်လိုက်တယ်။ စိတ်မကောင်းဖြစ်မိတယ်ကပ္ပိယကြီးရယ်။ အဲဒါ အခုဆရာတော်ကိုလျှောက်ပြီး အိမ်ကတီဗွီနှစ်လုံးယူလာပြီး အပြင်မထွက်ကြနဲ့ ကျောင်းတွင်းမှာပဲ ကြည့်ပါ ကိုရင်တို့ရေဆိုပြီး သူတို့ အဆောင်ပေါ် ပို့ထားခဲ့တယ်။ အင်းလေ သူတို့တွေလဲ ဒီအရွယ်ကအပျော်အပါးမက်ကြတဲ့အရွယ်တွေပဲ။ အပြင်ကလူငယ်တွေလို ကာရာအိုကေဆိုင်သွား နိုက်ကလပ်သွား မိဘကိုစိတ်ဆင်းရဲအောင် လုပ်နေတာထက်စာရင်တော့ သင်္ကန်းဝတ်ပြီး စာတွေကျက် တဖြေးဖြေးနဲ့ သာသနာမှာထင်ရှားတဲ့ ဆရာတော်ကြီးတွေ ဖြစ်လာကြ မှာပဲလို့ တွေးပြီး ကျွန်မကဖြင့် ကြည်ညိုနေမိတာပဲ။ ကျွန်မစောင့်ရှောက်ပြုစုထားတဲ့ ဒီကိုရင်ငယ် ကိုရင်ကြီးတွေ နောက် အနှစ် (၂၀)လောက် အချိန်ကျရင် အခုဆရာတော်ကြီးလိုမျိုး အပါး (၂၀၀)ထဲက အပါး (၂၀)လောက်တော့ ပေါ်ထွက်လာမှာပဲတဲ့။ ဒါဆိုရင် ကျွန်မ သာသနာအတွက် ထောက်ပံ့လှူဒါန်းရတာ သာသနာပြုရတာ အကျိုးကြီးပြီပေါ့ကပ္ပိယကြီးရယ်တဲ့။နောင်တချိန်ကျရင် ရှင်တို့ ကျွန်မတို့ လှူဒါန်းနိုင်လို့ ကျောင်းကြီးတွေတည်ဆောက်ထားပေမယ့် သင်္ကန်းစည်းပြီး အမေနဲ့ခွဲ အဖေနဲ့ခွဲ ရပ်ရွာကိုခွဲပြီး စာလာသင်မယ့်အမျိုးကောင်းသားလေးတွေ မရှိတော့ရင် ကျွန်မတို့ ဘယ်လိုသာသနာပြုလို့ ရတော့မလဲ။ အခုကျွန်မတို့ ကိုးကွယ်နေတဲ့ ဆရာတော်ကြီးမျိုးတွေ ဘယ်ပေါ်ထွက်တော့မလဲ။တကယ်တော့ ကပ္ပိယကြီးရယ် ကမ္ဘာ့သာသနာပြုဆရာတော်ကြီးတွေ နိုင်ငံကျော်ဆရာတော်ကြီးတွေဆိုတာ ဒီလိုပဲ ကလေးဘ၀ကနေ ဒကာ၊ဒကာမတွေက ထောက်ပံ့ ဆရာသမားတွေက ပျိုးထောင်လာခဲ့လို့ ဖြစ်လာခဲ့ရတာပေါ့။ အပင်ပျိုးရင်း တခါတခါ ရေများများလောင်းမိလို့ အမြစ်ပုတ် အပင်သေ သွားတာရှိသလို အချိန်မှီ ရေမလောင်းမိလို့ အမြစ်ခြောက် သေသွားတာလဲ ရှိသပေါ့ကပ္ပိယကြီးရယ်။အဲဒီတော့ သူ့အရွယ်နဲ့ သူ့စရိုက် အရွယ်ရောက်လာရင် ဖြစ်ပေါ်လာတတ် စမြဲမို့ အမြင်မတော်တဲ့အရာလေးတွေကို အပြစ်မမြင်၊ ခွင့်လွတ်နားလည်ပေး၊ လမ်းမှန်ရောက်အောင် သားသမီးလို စောင့်ရှောက်ပေးပြီး သာသနာတော်အတွက် ဆရာတော်ကြီးတွေဖြစ်ဖို့ သာသနာ့ဘောင်မှာပျော်နေတဲ့ ကိုရင်ငယ် ရဟန်းငယ်လေးတွေကို ကြည်ညိုလိုက်စမ်းပါ ကပ္ပိယကြီးရယ်……………………တဲ့။ စာသင်သား သံဃာတော်ပေါင်း (၂၀၀)ကျော်ရဲ့ မိခင်ကြီး၊ သာသနာ့ မိခင်ကြီး၏ စိတ်ဓာတ်နှင့်သဘောထားကို ကြားသိလိုက်ရတဲ့ ကပ္ပိယကြီးသည် မျက်ရည်စတွေဝဲကျ အံ့သြခြင်း များစွာဖြင့် တန်လျားခုံပေါ်တွင် ကျောင်းအစ်မကြီး ထွက်သွားသော ခြေလှမ်းတို့ကို ငေးကြည့်ကာ ကျန်ရစ်ခဲ့လေတော့သည်။ ထိုနေ့မှစ၍ ကျောင်းရှိကပ္ပိယကြီးသည် ကိုရင်လေးများက အဘရေ ကိုရင်တို့ကိုဘာလုပ်ပေးပါဟုဆိုလျှင် ပြုံးပြုံးကြီးဖြင့်လုပ်ပေးရှာသည်။ ကိုရင်လေး တွေကလည်း အဘကိုချစ်ကြ၊ အဘကလည်း ကိုရင်လေးတွေကို ချစ်ကြနှင့် ပျော်စရာကြီးဖြစ်၍နေလေတော့သည်။ ထို့ကြောင့် စာရေးသူ ကောက်ချက်ချမိသည်။ ဗုဒ္ဓဘာသာခံယူထားသည့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့တွင် သဒ္ဓါတရားအားကောင်း၍ သာသနာကို ချစ်မြတ်နိုးသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ကိုရင်ငယ်၊ ရဟန်းငယ် တို့အပေါ်၌ မိမိသွေးသားများကဲ့သို့ ကြည်ဖြူစောင့်ရှောက် နားလည် ပေးကြကုန်၏။ တကယ်ပင် သာသနာတော်ကို ထောက်ပံ့လှူဒါန်း ကြကုန်၏။ သဒ္ဓါတရား အားနည်း၍ ဟိုယောင်ယောင် ဒီယောင်ယောင် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည်ကား ပိဋကတ်ကျမ်းစာ တစ်ပိုင်းကြောင်ကျက်မှတ်ကာ သာသနာစိတ်ကြီးမားသယောင်ယောင်၊ ခေတ်ပညာတတ် လူတတ်ယောင်ယောင် ရဟန်းသာမဏေတို့အပေါ် အထင်မြင်သေးကာ ဟိုကိုရင်ကဘာတွေလုပ်နေ၏၊ ဟိုဘုန်းကြီးက ဒါတွေလုပ်နေ၏ဟု ဝေဖန်လေကန်မှုပြုကြ၏။ သာသနာတော်ကို ရက်ရက်ရောရောထောက်ပံ့လှူဒါန်းကြသူများမဟုတ်ပေ။ မစိုးရိမ် ဆရာတော်မိန့်သည့်စကားဖြင့် နိဂုံးကမ္ပတ်အဆုံးသတ်လိုက်ပါရစေ…..မန္တလေးမြို့က ဒကာကြီးတယောက်သည် ကိုရင်များဘောလုံးကန်နေသည်ကို တွေ့မြင်၍ မစိုးရိမ်ဆရာတော်ဘုရားကြီးထံသွားရောက်၍ ဆရာတော်ဘုရား အရှင်ဘုရားကျောင်းကကိုရင်တွေ ဘောလုံးကွင်းထဲမှာ ဘောလုံးကန်နေပါသည် ဘုရား၊ မြင်ရ တွေ့ရတာ မကောင်းလှပါဘူးဘုရားဟု လျှောက်ထားလေ၏။ထိုအခါ ဆရာတော်က ပြန်မိန့်လိုက်သည်မှာ ….အေးကွဲ့ ဒကာတော်…. ကိုရင်လေးတွေဘောလုံးကန်နေတာသွားအပြစ်မမြင်လေနဲ့။ နောင်တချိန် ဒီကိုရင်လေးတွေ ငါလို ဆရာတော်ကြီးဖြစ်တဲ့အခါ ဘောလုံးကန်ပါဦးဘုရားလို့ ဆိုပြီး ဘောလုံးလာချပေးထား။ ဘယ်တော့မှ မကန်တော့ဘူးမှတ်။ ကလေးမို့ဆော့တာ ဆော့ပါစေ..ပစ်ထားလိုက်ဟု မိန့်တော်မူပါသတည်း။ကဲ ယနေ့ခေတ် ညီငယ် ညီမငယ် အကိုကြီး အမကြီးတို့……မည်သို့မည်ပုံ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေအပေါ်ရှုမြင်ကြမလဲ…ဆိုတာ ခေတ်ပညာတတ် ပညာရှင်ကြီးများမို့ သိရှိကြလိမ့်မည်ဟုယုံကြည်မိပါကြောင်း။ (အရှင်နာယကာလင်္ကာရ)

မှတ်ချက်။ ။ အရှင်နာယကာလင်္ကာရ၏ ပိုစ့်လေးအား ထပ်ဆင့်မျှဝေခြင်းဖြစ်ပါသည်။

ကိုမိုးစက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...