ငါ..
ဘဝတစ်ခုလုံးနဲ့ချစ်ခဲ့တယ်
အကြွင်းမဲ့။
မျက်ရည်ရနံ့တွေနဲ့
သင်းပျံ့တဲ့အနာဂတ်တစ်ခုထဲ
အလွမ်းနဲ့ဖြတ်သန်းရမယ့်လမ်းအတွက်
ငါကိုယ်တိုင်ကလောင်ကျွမ်းစေခဲ့သူလား။
အရှုံးနဲ့သိမ်းပိုက်ခဲ့ရတဲ့
ပြက္ခဒိန်ထဲကနေ့စွဲတစ်ခုရယ်…အလွမ်းနဲ့ခြယ်သခဲ့ရတဲ့
မှုန်ပျပျရာဇဝင်တစ်ခုရယ်…
နံရံတစ်ခုမခြားခင်
မင်းသိအောင်ပြောသွားချင်သေးတဲ့စကားတစ်ခွန်းရယ်…
အဲဒါတွေအားလုံး
နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ
ငါကိုယ်တိုင်နှစ်မြှပ်ပစ်ခဲ့ပါတယ်။
ဘယ်ဘူတာမှာခရီးဆုံးမယ်မသိပေမယ့်
ငါက…မင်းအပါးကထွက်ခွာသွားရတော့မယ့်ရထားတစ်စင်းပါ
မမီနိုင်တဲ့ကမ်းလက်နဲ့
မပြည့်နိုင်တဲ့ဆုတောင်းအတွက်
ကိုယ်ရခဲ့တာ
ဝမ်းနည်းခြင်းတစ်ခုပါပဲချစ်သူ။
ဝင်ခွင့်မရတော့တဲ့မြို့လေးတစ်ခုကို
ဝမ်းနည်းစွာငေးမောကြည့်နေရုံကလွဲပြီးဘာရွေးချယ်ခွင့်မှမရခဲ့တဲ့အဆုံး
ခပ်နက်နက်ဒဏ်ရာတွေရဲ့သိမ်းပိုက်မှုအောက်မှာ
မြတ်နိုးစွာလောင်ကျွမ်းခံရင်းနဲ့
အလိုမတူပဲလက်ခံခဲ့ရတဲ့
ကြေကွဲခြင်းရာသီတစ်ခုရဲ့စတင်ချိန်ပေါ့။
ကောင်မလေးရေ…..
အလွမ်းနဲ့ခမ်းနားခဲ့တဲ့
နှလုံးသားရဲ့မြို့ရိုးမှာ
(အခုထိ) မိုးတွေရွာနေတုန်းပါပဲ။
No comments:
Post a Comment