ဇော်ဂျီ နှင့် ယူနီကုတ် ချိန်းရန်

Thursday, December 25, 2014

အတွေ့ရများသော Android ပြဿနာများ (အပိုင်း ၁)

မိုဘိုင်းဖုန်းတစ်လုံးအတွက် data မည်မျှသာ သုံးမည်ဟု ကန့်သတ်နိုင်ပါသလား…..
===================
မိမိသုံးစွဲသော network (တစ်နည်းပြောရလျှင် မိုဘိုင်းဖုန်း အော်ပရေတာ) ပေါ်မူတည်ပြီး data ပမာဏ မည်မျှသာ သုံးမည်ဟု ကန့်သတ်နိုင်သည်။ လောလောဆယ်တွင် မြန်မာနိုင်ငံရှိ မိုဘိုင်းအော်ပရေတာ များသည် တစ်ပတ်လျှင် data မည်မျှသုံးမည်ဟု ကန့်သတ်သုံးစွဲခွင့်ပေးသူရှိသလို တစ်လလျှင် 500Mb, 1000 Mb သုံးမည်ဟု ကန့်သတ်သုံးစွဲခွင့်ပေးသူများလည်းရှိပါသည်။ ထို့ကြောင့် data ပမာဏကန့်သတ် သုံးစွဲမည်ဟုဆိုလျှင် မိုဘိုင်းအော်ပရေတာနှင့် သဘောတူညီမှုကြိုတင်ယူထားရပါမည်။ သတ်မှတ် data ပမာဏအတွင်းတွင် သက်သာသောနှုန်းထားရရှိမည်ဖြစ်ပြီး ယင်းထက်ကျော်လျှင် ပုံမှန်နှုန်း ထားဖြင့် တောင်းခံပါလိမ့်မည်။

သတ်မှတ်ထားသော data ပမာဏကို ကျော်လွန်၍ မသုံးစွဲစေရန်အတွက် ဖုန်းအတွင်းကြိုတင်ချိန်ညှိ သတိပေးသည့်စနစ်ဖြင့် ဆောင်ရွက်ထားရပါမည်။ အလွယ်ကူဆုံးနည်းလမ်းမှာ Setting >>> Data Usage Menu သို့ဝင်ပြီး တစ်လတာအတွက် သုံးစွဲမည့် Limit (Mb) ကိုဖြည့်စွက်ပေးထားရပါမည်။ ယင်းပမာဏသို့ နီးကပ်လာသည့်အခါတွင် Notification ဖြင့် ဖုန်းကမိမိအား သတိပေးပါမည်။ သတ်မှတ် data ပမာဏပြည့်သွားပြီဆိုလျှင် ဖုန်းအတော်များများသည် data အပို့အယူကိစ္စကို ရပ်ဆိုင်းပေးလိုက် ကြပါသည်။ သို့သော် data ပမဏပြည့်ခြင်း (သို့) ကျော်လွန်ခြင်းကို သတိပေးရုံသာပေးသည့် ဖုန်းများ လည်းရှိပါသည်။ ထို့အပြင် data ပမာဏကို ထိရောက်စွာအသုံးပြုနိုင်ရန်အတွက် ဖုန်းအတွင်းရှိ မည်သည့် application က data မည်မျှစားသည်ကို အမြဲမပြတ်စောင့်ကြည့်ရန်လိုပါသည်။ အထူးသဖြင့် လူမှုကွန်ရက် application များသည် upload နှင့် download data ပမာဏများသောကြောင့် သတိထားသင့်ပါသည်။

အင်တာနက်လိုင်းမမိသောနေရာတွင် Google မြေပုံကို မည်သို့သုံးနိုင်မည်နည်း…..
==================
မိုဘိုင်းဖုန်းတစ်လုံးကို အားကိုးပြီး ခရီးသွားရသူတို့အတွက် Google Maps သည် အခမဲ့ လမ်းပြစနစ်ဖြစ်ပြီး ယင်းစနစ်ကို Android ဖုန်းအတော်များများတွင် ထည့်သွင်းပေးထားပါသည်။ လွန်ခဲ့သည့် နှစ်များအတွင်း ကမူ Google Maps ကို သုံးရန်အတွက် မိုဘိုင်းဖုန်းသုံးစွဲသူတို့သည် မဖြစ်မနေ ဖုန်းလိုင်းမိရန် လိုအပ်ခဲ့ ပါသည်။ ယင်းမြေပုံစနစ်ကို သုံးစွဲရန် မိုဘိုင်းအင်တာနက်ကို မဖြစ်မနေ လိုအပ်သောကြောင့်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် Google Maps သုံးရန်အတွက် အမြဲတစေ အင်တာနက် မလိုအပ်ခြင်းကို ကျေးဇူးတင်ရပါလိမ့်မည်။

မည်သည်နေရာရောက်ရောက် Google Maps ကိုသုံးစွဲနိုင်ရန်အတွက် ဦးစွာအင်တာနက်မိသောနေရာတွင် Google Maps ကို ခေါ်တင်ထားရပါမည်။ ပုံမှန်မြေပုံကြည့်သည့် လုပ်ငန်းစဉ်အတိုင်းဖြစ်ပါသည်။ ယင်းနောက် map overview ကိုရရန် Directions icon ကိုနှိပ်ရပါမည်။ မိမိခရီးသွားမည့် area မြေပုံ ကို ပေါ်လာအောင် နှိပ်မိပြီးဟုဆိုလျှင် menu အသစ်တစ်ခု ပေါ်လာမည်ဖြစ်ပြီး၊ ယင်းထဲမှာ Save map to use offline ဟူသော ရွေးချယ်ပိုင်ခွင့်ကို ရွေးချယ်နိုင်သည်။

ထိုအခါ မိမိ၏ ခရီးစဉ်ကို Highlight လုပ်ပြထားသည့် မြေပုံကို မိုဘိုင်းဖုန်းထဲတွင် တိုက်ရိုက်သိမ်းဆည်းပေး ပါမည်။ မိုဘိုင်းဖုန်းလိုင်းမိသည်ဖြစ်စေ၊ မမိသည်ဖြစ်စေ၊ အင်တာနက်လိုင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မိမိ၏ မြေပုံကို ဖုန်းထဲတွင်ကြည့်ရှုနိုင်ပါမည်။ ခရီးလမ်းကြောင်းရှည်လျှင် မြေပုံပမာဏကြီးမည်ဖြစ်၍ wifi ကို အဓိကသုံးစွဲသင့်ပါသည်။ မြေပုံ၏ဖိုင်ပမာဏကြီးလျှင် ဖုန်း၏ internal storage တွင် မသိမ်းဆည်းဘဲ External SD ကတ်တွင် သိမ်းသင့်ပါသည်။ သုံးပြီးသွားသည့်အချိန်၌ အင်တာနက်ပေါ်ရှိ Cloud storage တွင် backup လုပ်ပါက နောင်တွင်အလွယ်တကူပြန်လည်အသုံးပြုနိုင်ပါမည်။

Android ကီးဘုတ်မှ Auto Correct ကို ပိတ်ထားနိုင်ပါမည်လော….
==============================================
စမတ်ဖုန်းအတွင်း မိမိအသုံးပြုရန်ဆုံးဖြတ်ထားသည့် ကီးဘုတ်အပေါ်မူတည်ပြီး အမျိုးမျိုးသော auto correct များနှင့် ကြုံတွေ့နိုင်ပါသည်။ အချို့သောကီးဘုတ်များတွင် အသုံးပြုထားသည့် auto correct မှာ မဆိုးလှပါ။သို့သော် Google က default ပေးထားသော auto correct မှာ အဆိုးဆုံးဖြစ်နေပါသည်။ သို့သော် Google ၏ ကီးဘုတ် application ထဲနက်နက်ရှိုင်းရှိုင်းဝင်ရောက်ပြီး ယင်း auto correct ကို လုံးဝပိတ်ပစ်နိုင်ပါသည်။

ယင်းသို့ ပြုလုပ်ရန် Setting >> Language Input Menu သို့ဝင်ပါ။ Google ကပေးထားသော ကီးဘုတ်အမျိုးအမည် ဇယား ညာဘက်တွင်တွေ့ရသည့် မူလီဖြုတ်သောဂွပုံနေရာတွင် တစ်ချက်နှိပ်ပါ။ feature ပေါင်းများစွာကို စာရင်းတစ်ခုဖြင့် လာပြပါမည်။ ယင်းစာရင်း၏ အောက်ဘက်သို့ဆင်းသွားပြီး disable auto correct ကိုရွေးချယ်ပါ။ ထိုသို့ ပြင်ဆင်ပေးပြီးနောက်ပိုင်း စာရိုက်လျှင် စာလုံးပေါင်းအမှားဟု Google ကီးဘုတ်ကသံသယရှိလျှင် အောက်ခံလိုင်းတားပေးပါမည်။ အလိုအလျှောက် ပြုပြင်လိုက်တော့ မည်မဟုတ်ပါ။ ဤနည်းလမ်းကိုပင် အသုံးပြု၍ Third Party ကီးဘုတ်များရှိ auto correct feature ကိုလည်း disable လုပ်နိုင်ပါသည်။

Credit : Mobile Guide Journal


ကိုမိုးစက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...